“အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်းတစ်နှစ်ပြည့် သတင်းထုတ်ပြန်ချက်”

၂၀၂၂ ခုနှစ် ဧပြီလ ၁၆ ရက်

ပြည်သူ့လူထုက ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့် ညှိနှိုင်းတိုင်ပင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို အတည်ပြုဖွဲ့စည်းခဲ့သည်မှာ ယနေ့တွင် တစ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထု၏ဆန္ဒကို ကိုယ်စားပြုသော၊ မြန်မာနိုင်ငံ၏ တခုတည်းသော တရားဝင်အစိုးရဖြစ်သည်နှင့် အညီ တိုင်းပြည်၏ ကဏ္ဍကြီး (၅) ရပ်ကိုအခြေခံ၍ တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို သတင်းမီဒီယာများမှတဆင့် ပြည်သူလူထုထံသို့ သတင်းထုတ်ပြန်အစီရင်ခံအပ်ပါသည်။

– နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လွတ်လပ်တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒ ကိုအခြေခံ၍ အကြမ်းဖက် စစ်ကောင်စီအား နိုင်ငံတကာ မျက်နှာစာတွင် တရားဝင်မှု မရရှိစေရေး ၊ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာ က အသိအမှတ်ပြုစေရေး နှင့် မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးကို အားပေးထောက်ခံမှုများ ရရှိစေရေးတို့ကို ရည်မှန်းချက်ထားကာ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်တက်ရောက်လျက် ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဝန်ကြီးများကလဲ မိတ်ဘက်နိုင်ငံများမှ အဆင့်မြင့်တာဝန်ရှိသူများနှင့် လူချင်းတွေ့ဆုံ ဆွေးနွေးမှုများစွာ ပြုလုပ်လျက်ရှိကြပါသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်လျက် ရှိသော လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို စနစ်တကျ စာရင်းပြုစုခြင်းများပြုလုပ်ကာ တရားမျှတမှု ရရှိနိုင်ရေးအတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

ချက်သမ္မတနိုင်ငံ၊ ယူကေ နိုင်ငံ၊ နော်ဝေ ၊ ပြင်သစ် ၊ သြစတေးလျ ၊ တောင်ကိုရီးယား ၊ ဂျပန် ၊ တို့တွင် ကိုယ်စားလှယ်များ ခန့်အပ် ထားရှိပြီး အာဆီယံနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် အတွက် nonresidential Representative ခန့်အပ်ထားရှိ၍ သော်လည်းကောင်း နိုင်ငံခြားရေးဝန်ကြီးရုံးမှ တိုက်ရိုက်သော်လည်းကောင်း ဆက်သွယ် ဆောင်ရွက် လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ဆက်ဆံရေး ရုံးဖွင့်လှစ်ထားရှိရန်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

– လူမှုရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် လူသားချင်းဆိုင်ရာအကူအညီများကဏ္ဍပြည်သူလူထုအား ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရေးအတွက် အွန်လိုင်းဝန်ဆောင်မှု များအပြင် စိုးမိုးနယ်မြေများတွင် ဆေးရုံ(၅၁) ရုံ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်း (၅၅)ခု တို့ကို ဖွင်လှစ်နိုင်ခဲ့ပြီး ရွှေ့လျားဆေးခန်း (၁၆၇)ခု ဖြင့်လဲ ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိပါသည်။ သူနာပြုတက္ကသိုလ် ကို ပြန်လည်ဖွင့်လှစ်ပြီး သူနာပြုဘွဲ့များ ပေးအပ်လျက်ရှိပါသည်။ အခြား ဆေးတက္ကသိုလ်များကိုလဲ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။

အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာတို့ကို (၂၈၆) မြို့နယ်တွင် ပညာရေးဘုတ်အဖွဲ့များ ဖွဲ့စည်းကာ အွန်လိုင်းမှတဆင့် သင်ကြားပေးလျက်ရှိပါသည်။ စိုးမိုးနယ်မြေအချို့တွင်လဲ မြေပြင် သင်ကြားရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများအတွက် ရန်ပုံငွေ ကျန်(၂.၇၃) ဘီလီယံခန့် ထောက်ပံ့မှုပြုလုပ် ထားပြီးဖြစ်သည်။ တိုင်းရင်းသားအဖွဲ့အစည်းများပါဝင်သော ညှိနှိုင်းရေးကော်မတီ၊ ပ.အ.ဖ၊ ပ.က.ဖ များ၊ သက်ဆိုင်ရာ ဒေသ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ ဖြင့် ပူးပေါင်းကာ လူသားချင်းစာနာကူညီရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိပါသည်။ ကိုယ်ဝန်ဆောင်မိခင် ၅သောင်းကျော် ကိုလဲ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

တော်လှန်ရေး၏အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်သည့် CDM ဝန်ထမ်းများ၏ လူမှုဘဝ အဆင်ပြေချောမွေ့ စေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားကူညီပံ့ပိုးလျက်ရှိသလို CDM များအား ဂုဏ်ပြုချီးမြှင့်နိုင်ရေး ကော်မတီဖွဲ့စည်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါသည်။ -စစ်ရေး၊ ပြည်သူ့လုံခြုံရေး၊ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍ

အဆိုပါ ကဏ္ဍအတွက် တစ်နှစ်တာအတွင်း မဟာမိတ်လက်နက်ကိုင် အင်အားစု အသီးသီးနှင့် ညှိနှိုင်းပူးပေါင်း၍ ဗဟိုကွပ်ကဲရေးနှင့်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Centeral Command and Coordination Committee) အား ဖွဲ့စည်းခဲ့ပြီး ဗဟိုအမိန့်ပေးကွပ်ကဲမှုစနစ်အား ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။ တစ်နှစ်တာကာလအတွင်း PDF တပ်ရင်းတပ်ဖွဲ့ ရာဂဏန်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) ၂၅၀ ကျော် ဖွဲ့စည်းပြီးဖြစ်ကာ MOD နှင့် ချိတ်ဆက် ထားပြီးဖြစ်သည့် ဒေသတော်လှန်ရေးအဖွဲ့အစည်း(LDF) ၃၅၄ဖွဲ့ အနက် ၁၀၀ ကျော်အား ဝန်ကြီးဌာနလက်အောက် တပ်ရင်းတပ်ဖွဲ့များတွင် ပေါင်းစပ် ဖွဲ့စည်းပြီးဖြစ်ပါသည်။ ဝန်ကြီးဌာနနှင့် ချိတ်ဆက်ထားပြီးသော တပ်ရင်းတပ်ဖွဲ့များ အားလုံးသည် စစ်ရေးဆိုင်ရာကျင့်ဝတ်များကို တိတိကျကျ လိုက်နာ ဆောင်ရွက်ရေး ကွပ်ကဲလျက်ရှိပြီး လိုက်နာခြင်း မရှိသည့် ကိစ္စရပ်များပေါ်ပေါက်ပါကလဲ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ သန်း (၃၀) ခန့်အား ရှာဖွေစုဆောင်း သုံးစွဲခဲ့ပြီး ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်သူကာကွယ်ရေးတပ်မတော် (PDF) , ဒေသတော်လှန်ရေး အဖွဲ့အစည်း(LDF)များ၊ တိုင်းရင်းသားအင်အားစု (EAOs, EROs) အဖွဲ့အစည်းများအားလုံး၏ နယ်မြေစိုးမိုးနိုင်မှုမှာ တစ်နိုင်ငံလုံးဧရိယာ၏ (၅၀) ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်သည်။

ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ်အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းကာ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများ၏ အရေးကိစ္စများကို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ ပြည်သူ့ရင်ခွင်သို့ဝင်ရောက်လာသူ (တပ်နှင့်ရဲ) စုစုပေါင်း ၁၀,၀၀၀ ခန့်ရှိပြီး ဆက်သွယ်လာသူများကို စိစစ်ကာ CDM code များ၊ Pre CDM Code များ ထုတ်ပေးလျက်ရှိပါသည်။ ကော်မတီအနေဖြင့် လုပ်ငန်းစဉ်များအတွက် ယနေ့အထိ ၄၄၅,၆၉၁,၀၆၀ကျပ် (ကျပ်သန်းပေါင်း လေးရာလေးဆယ့်ငါးသန်း ခြောက်သိန်း ကိုးသောင်း တထောင့်ခြောက်ဆယ် တိတိ) သုံးစွဲခဲ့ပြီးဖြစ်ပါသည်။

အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး၊ အာဏာရှင်စနစ် အဆုံးသတ်နိင်ရေး စစ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များ အပါအဝင် လူမှုရေး၊ အသွင်ကူးပြောင်းရေး ကိစ္စများအတွက် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မဟာမိတ်ဆက်ဆံရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်အထိ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အလွတ်သဘော မိတ်ဆက် တွေ့ဆုံဆွေးနွေးမှု များ စတင်ဆောက်ရွက် လျက်ရှိပြီး ဆက်လက် တွေ့ဆုံရန်လည်း စီစဉ်လျာထားဆောင်ရွက်သွားမည် ဖြစ်သည်။

– စီးပွါးရေး၊ ဘဏ္ဍာရေးနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍ

စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍအတွက် အဓိက မူဝါဒ နှစ်ခုဖြစ်သော စစ်ကောင်စီထံစီးဝင်နေသည့် ဝင်ငွေရပေါက်ရလမ်းများကို ဖြတ်တောက်နိုင်ရေးနှင့် ပြည်သူ့တော်လှန်ရေး အတွက် ဘဏ္ဍာငွေများရရှိရေးတို့ကို တစ်စိုက်မတ်မတ်စီမံဆောင်ရွက်လျက်ရှိပါသည်။ အရေးယူပိတ်ဆို့မှုများစွာနှင့်အတူ စစ်ကောင်စီ၏ အဓိက ဝင်ငွေရလမ်းဖြစ်သော Total နှင့် Chevron ရေနံကုမ္ပဏီကြီးများကို စစ်ကောင်စီနှင့် အဆက်ဖြတ်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ကြပြီး တစ်ဘက်တွင်လည်း နွေဦးထီမှစ၍ ငွေတိုက်စာချုပ်ရောင်းချခြင်းများကို ပြည်သူလူထု၏ ထောက်ပံ့ကူညီမှုများဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ ၂၀၂၂ နှစ် မတ်လအထိ ငွေတိုက်စာချုပ်ပေါင်း ၇၂၅၈၀ အထိရောင်းချနိုင်ခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍ လည်း ပြည်သူ့ဘဏ္ဍာငွေများ စနစ်တကျဖြစ်စေရေး တော်လှန်ရေးအတွက် ထိရောက်စွာ အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပါသည်။

– နိုင်ငံရေးနှင့် အသွင်ကူးပြောင်းရေးကဏ္ဍ

အမျိုးသားညီညွတ်ရေး အစိုးရသည် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ပြီး ညီညွတ်ရေး ရရှိရန် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။ စစ်အာဏာရှင်များကို ဆန့်ကျင်သော ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်များနှင့် ဆက်ဆံရေးပိုမိုခိုင်မာရန်၊ ပိုမိုပါဝင်လာမှုရှိစေရန် ၊ တူညီမျှသော အနာဂတ် တစ်ခုကို ရရှိရန် အတူတကွ လုပ်ဆောင် သွားမည် ဖြစ်ပါသည်။

စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများမှ ပြည်သူလူထုကို ကာကွယ်ရန်၊ စိုးမိုးထိန်းချုပ် နယ်မြေများ ပိုမိုထူထောင်နိုင်ရန်၊ စိုးမိုးထိန်းချုပ်နယ်မြေများတွင် ကြားကာလပြည်သူ့အုပ်ချုပ်ရေး ကြားကာလတရားစီရင်ရေး နှင့်ဝန်ဆောင်မှုလုပ်ငန်းများအားတိုးချဲ့ဆောင်ရွက်သွားရန်၊ အာဏာသိမ်းစစ်ကောင်စီ ၏ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အတွက် တရားမျှတမှု ပြန်လည်ဖေါ်ဆောင်ရေးနှင့် တာဝန်ခံမှု ရရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည်။

အင်အားစု(၅)စုပါဝင်သော အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကဦးဆောင်၍ ပြည်သူ့ညီလာခံ ခေါ်ယူကာ အတည်ပြုခဲ့သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်စာတမ်းသည်သာ မိမိတို့ ရှေ့ဆက်ရမယ့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ ပြည်သူ့တော်လှန်ရေးကို အထိအခိုက်နည်းစွာဖြင့် အောင်မြင်ပြီးမြောက်လိုသူများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား တရားသေကိုင်စွဲထားခြင်းကို စွန့်လွှတ်ပြီး မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က ဘယ်သောအခါမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုရဟူသည့်မူကို လက်ခံကာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူများသည်လဲ တာဝန်ယူမှုတာဝန်ခံမှု အပြည့်ဖြင့် ပြည်သူ့တရားစီရင်မှုကို လိုက်နာဆောင်ရွက်နိုင်မှသာလျှင် ပြည်သူလူထုလိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ သွားရောက်မည့် လမ်းကြောင်းအတွက် အဖြေတစ်ခုရရှိနိုင်မည်ဖြစ်ကြောင်းသိစေအပ်ပါသည်။

အမျိုးသားညီညွှတ်ရေး အစိုးရသည် ပြည်သူဆန္ဒကို အလေးအမြတ်ပြုကာ တော်လှန်ရေးအောင်မြင်သည်အထိ ဦးလည်မသုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။