
၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်
၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်
ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်လပြည့်ကျောာ်(၁၀)ရက်၊ ခရစ် သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် နေ့တွင် ကျရောက်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခါသမယတွင် နိုင်ငံသူနိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပြီး ဘေးအန္တရာယ် အပေါင်းကင်းဝေးအောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိပါသည်။ မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာဆုံးရှုံးပြီး နယ်ချဲ့ လက်အောက်ခံ ကိုလိုနီဘဝသို့ ကျရောက်ခဲ့ရာမှ နယ်ချဲ့ဆန့်ကျင်ရေးနှင့်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၅ရက်) နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက် ဆန့်ကျင်ခဲ့သည့်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။
နယ်ချဲ့ဗြိတိသျှအစိုးရသည် တက္ကသိုလ် အက်ဥပဒေကြမ်းကြီးကို ပြည်သူများ ကန့်ကွက်နေသည့် ကြားကပင် ၁၉၂၀ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဗြိတိသျှ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ရန်ကုန်အက် ဥပဒေကို ထောက်ခံခဲ့ပြီး၊ အိန္ဒိယဘုရင်ခံ ချမ်းစဖို့ဒ်က အတည်ပြုရန် ထုတ်ပြန်ကြေညာခဲ့ပြန်သည်။ နယ်ချဲ့လက်အောက်မှ ပထမဆုံးအကြိမ်အမျိုးသားလှုပ်ရှားမှုအဖြစ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ (၅) ရက်တွင် တက္ကသိုလ်ကျောင်းသားကြီးများ ဦးဆောင်သော ပထမ ကျောင်းသားသပိတ် စတင်ခဲ့ရာ နယ်ချဲ့လက်အောက်မှ လွတ်မြောက်လိုသည့် မျိုးချစ်စိတ်ဓာတ်များအစပြုဖြစ်တည်ခဲ့ပြီး မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်သို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။ ထိုအမျိုးသားရေး လှုပ်ရှားမှုကြီးကို အကြောင်းပြု၍ အမျိုးသားအထက်တန်းကျောင်းများ၊ အမျိုးသား ကောလိပ်များ ပေါ်ပေါက်လာခဲ့ပြီး တစ်နိုင်ငံလုံး နယ်ချဲ့လက်အောက်မှ လွတ်မြောက် လိုသော မျိုးချစ်စိတ်များဖြစ်တည်စေခဲ့သည်။ မျက်မှောက်ကာလတွင်လည်း တိုင်ရင်းသား မိဘပြည်သူအပေါင်းတို့သည် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြပြီး ဖက်ဒရယ်ကျောင်းများ ထူထောင်ကာ စစ်ကျွန်ပညာရေးကို ချေဖျက် အဆုံးသတ်ရန် ကြိုးစားမှုသည်လဲ တော်လှန်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လျက်ရှိပေသည်။
ထို့ကြောင့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သည် နယ်ချဲ့အာဏာရှင် စနစ်ကို တိုင်းရင်းသား မိဘပြည်သူအားလုံးက စုစည်းညီညွတ်စွာဖြင့် ဆန့်ကျင်တော်လှန်ခဲ့သည် သာမက လက်ရှိစစ်အာဏာရှင်ကို တော်လှန်နေသည့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုကို လည်းအထောက်အကူပြုစေသည်ဟု ယုံကြည်မိပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရသည် တိုင်းရင်းသားမိဘပြည်သူများနှင့်အတူ အကြမ်းဖက်စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေးအတွက် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးကို အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ကျရောက်သော ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ထပ်လောင်း၍ သန္နိဋ္ဌာန်ပြုအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ