ဒုတိယသမ္မတဒူဝါလရှီးလမှ ပြည်သူများထံသို့ ပထမဆုံးအကြိမ် ပြောကြားသည့် မိန့်ခွန်း

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသူ၊ နိုင်ငံသား၊ သွေးချင်းညီအစ်ကိုမောင်နှမများ ခင်ဗျာ။

ကျနော့် ချစ်မြတ်နိုးရတဲ့ နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ယခုလိုမျိုး တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပထမဦးစွာ ပြောကြားလိုပါတယ်။

နိုင်ငံသူ၊ နိုင်ငံသားတို့အတွက် အစွမ်းကုန် တာဝန်ထမ်းဆောင်သွားပါမယ်လို့လည်း ကတိပြုအပ်ပါတယ်။ ဆယ်စုနှစ်များစွာအတွင်းမှာ ရရှိခဲ့တဲ့ ကျနော်တို့ရဲ့ အတွေ့အကြုံတွေက မတူညီကြပါဘူး။ ကျနော်တို့ ပြည်သူတွေဟာ ကိုယ့်ကို ဖိနှိပ်အနိုင်ကျင့်၊ ကိုယ်ကျိုးရှာအမြတ်ထုတ်တဲ့ စစ်အစိုးရရဲ့ အုပ်ချုပ်မှုကို ကြာရှည်စွာခံစားခဲ့ရပါတယ်။ စစ်အစိုးရက ပြည်သူအတွက် တာဝန်ထမ်းဆောင်ပေးမယ်ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကျနော့်အနေနဲ့ ပြည်သူ့အသံကို နားထောင်တဲ့ အစိုးရသစ်တရပ်ကို တည်ဆောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပါတယ်။ ပြည်သူ့အတွက် တာဝန်ထမ်းဆောင်မယ့်၊ ပြည်သူကို စောင့်ရှောက်ကာကွယ်မယ့် အစိုးရဖြစ်စေရပါမယ်။

ကျနော်တို့ အားလုံးသိကြတဲ့အတိုင်း စစ်ကောင်စီဟာ ဖေဖော်ဝါရီလ၊ (၁) ရက်နေ့မှ စတင်ပြီး ကျနော်တို့ရဲ့ ဒီမိုကရေစီစနစ်ကို စစ်အာဏာသိမ်းပြီး ဖယ်ရှားခဲ့ပါတယ်။ ကျနော်တို့ရဲ့ လွတ်လပ်မှုနဲ့ အနာဂတ်တွေလည်း စစ်အာဏာသိမ်းမှုကြောင့် လုယူဖျက်ဆီးခံလိုက်ရပါတယ်။ ယနေ့ စစ်အာဏာရှင်လက်ထဲမှာ ကျနော်တို့ ပြည်သူ (၇၀၀) ကျော် အကြမ်းဖက် သတ်ဖြတ်ခံခဲ့ကြရပြီး ပြည်သူ ၃၀၀၀ ကျော်လည်း ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။ ဒါ့အပြင် ပျောက်ဆုံးနေတဲ့သူ များစွာလည်း ရှိနေပါတယ်။ နေ့စဥ်နေ့တိုင်း လူထုဟာ ညှင်းပန်းနှိပ်စက်ခံနေရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံနေရတဲ့အပြင် ဈေးဆိုင်အတွင်းမှ ပစ္စည်းများ လုယူခံရခြင်း၊ နေအိမ်များကို အတင်း အဓမ္မ ဝင်ရောက်ရှာဖွေခံရခြင်းတွေကိုလည်း ကြုံတွေ့ခံစားနေကြရပါတယ်။ ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့်လည်း ပြည်သူထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီလိုလုပ်ရပ်များကြောင့် ပြည်သူတွေဟာ မိသားစုဝင်များနဲ့ တကွဲတပြား နေထိုင်နေရပါတယ်။ အသက်အိုးအိမ်စည်းစိမ်များလည်း ဆုံးရှုံးနေကြရပါတယ်။ ဘဝမျှော်လင့်ချက်များလည်း မရေမရာ ဖြစ်လာရပါတယ်။ ကျနော်သည်လည်း စစ်ရဲ့ အနိဌာရုံဒဏ်ကို ခံစားရတဲ့ ပြည်နယ်မှာ ကြီးပြင်းလာခဲ့ရတာကြောင့် ယခုလို ကြမ်းကြုတ်ရက်စက်တဲ့ အုပ်ချုပ်မှုပုံစံအောက်မှာ အသက်ရှင်နေထိုင်ရခြင်းကို ကိုယ်ချင်းစာ နားလည်ခံစားမိပါတယ်။

သန်းပေါင်းများစွာသော ပြည်သူတွေက ယခုလိုမျိုး အကြမ်းဖက် စစ်တပ်ရဲ့ နည်းလမ်းပေါင်းစုံနဲ့ ရက်ရက်စက်စက် အကြမ်းဖက်မှုတွေကို အမှုမထားဘဲ အာဏာရှင်စနစ် အဆုံးသတ်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးတို့အတွက် လမ်းမများပေါ်မှာ ဒီမိုကရေစီရရှိရေး လူထုလှုပ်ရှားမှုများကို တခဲနက်လုပ်ဆောင်နေကြတာကိုလည်း ကျနော်တို့ တွေ့မြင်နေရပါတယ်။ ဒီအတွက်လည်း ပြည်သူလူထုကို ကျေးဇူးတင်ပါတယ်။ လူထုရဲ့ ရဲစွမ်းသတ္တိကိုလည်း အထူး ကျေးဇူးတင်လေးစားပြီး မှတ်ကျောက်တင်အပ်ပါတယ်။ နိုင်ငံတော်ရဲ့ ဒုတိယသမ္မတတစ်ဦးအနေဖြင့် လွတ်လပ်မှု၊တရားမျှတရေးအတွက် အသက်နဲ့ ဘဝကို ပဓာနမထားပဲ ပေးဆပ်အနစ်နာခံ တိုက်ပွဲဝင်ပေးခဲ့ကြတဲ့ အမျိုးသမီး၊ အမျိုးသား၊ လူကြီး၊ လူငယ်၊ လူရွယ်များ အားလုံးကိုလည်း ဦးညွှတ်အပ်ပါတယ်။ ထိုလူပုဂ္ဂိုလ်များဟာ ကျနော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အာဇာနည် သူရဲကောင်းများ ဖြစ်ကြပြီး သူတို့ကို ဒီမိုကရေစီ သူရဲကောင်းများ၊ လူထုရဲ့ သူရဲကောင်းများအဖြစ် သမိုင်းတစ်လျှောက် မှတ်တမ်းတင် ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။  နိုင်ငံရဲ့ လွတ်လပ်မှုအတွက် အဆုံးစွန် စွန့်လွှတ်အနစ်နာခံခဲ့ကြသူတွေကို အမြဲဦးညွှတ်လေးစားလျက်ရှိပါတယ်။  ဒီမိုကရေစီ တိုက်ပွဲအတွင်းတွင် ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းများရဲ့ မိဘများ၊ သားသမီးများ၊ ချစ်ခင်ရသူများနဲ့လည်း ထပ်တူ ကြေကွဲဝမ်းနည်းခံစားရပါတယ်။ သူတို့ရဲ့ အနစ်နာခံ စတေးမှုကို ဘယ်သောအခါမှ မေ့မည်မဟုတ်ပါ။ ဆုံးရှုံးသွားရတဲ့ သူရဲကောင်းများအတွက် တရားမျှတမှုရတဲ့အထိ ကျနော်တို့ လုပ်ဆောင်သွားပါမယ်။ အမှန်တရားကို ဖော်ထုတ်ပြီး တရားမျှတမှုရအောင် ဆောင်ရွက်သွားပါမယ်လို့ ကတိပေးပါတယ်။

မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၊ မတရား ပြစ်မှုချခံထားရသူများ၊ ကြမ်းတမ်းစွာ ညှင်းပန်းနှိပ်စက်ခံရသူများကိုလည်း အထူးသတိရအောက်မေ့မိပါတယ်။ သူတို့တွေဟာ စစ်အာဏာရှင်စနစ်ကို မလိုလားကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း သာဖြစ်ပြီး ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်မှု မရှိပါဘဲနဲ့ အခုလို မတရားခံစားကြရတာဖြစ်ပါတယ်။ ထို မတရားနှိပ်စက်မှုများ၊ အကြမ်းဖက်လုပ်ရပ် ဖြစ်စဉ်သတင်းများကို ကျနော်တို့ သိရှိနေပါတယ်။ မတရားဖမ်းဆီးခံရသူများရဲ့ မိတ်ဆွေသင်္ဂဟများ၊ မိသားစုဝင်များနဲ့အတူ ကျနော်တို့ ရပ်တည်လျက်ရှိပါတယ်။ လွတ်လပ်မှု၊ ဒီမိုကရေစီအရေးနဲ့ အနာဂတ်အတွက် သူရဲကောင်းတို့ရဲ့ အနစ်နာခံ၊ စွန့်လွှတ်မှုများအပေါ် အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် မတရားထိန်းသိမ်းခံထားရတဲ့ အပြစ်မဲ့ပြည်သူများ လွတ်မြောက်ရေးအတွက် အရိုးကြေကြေ အရေခမ်းခမ်း တတ်စွမ်းနိုင်သမျှ ကြိုးပမ်းထမ်းဆောင်သွားမယ်လို့ ကတိပြုပါတယ်။ ပေးဆပ် အနစ်နာခံမှုများအတွက်လည်း ကျေးဇူး ဥပကာရတင်ရှိပါတယ်။

အလျဉ်းသင့်၍ ပြောကြားလိုသည်မှာ အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး အာဆီယံအနေဖြင့် မြန်မာပြည်ရဲ့ နိုင်ငံရေးပဌိပက္ခကို ဖြေရှင်းရန် လမ်းကြောင်းရှာ ကြိုးပမ်းမှုကို တန်ဖိုးထားအသိအမှတ်ပြုပါတယ်။ သို့ရာတွင် အာဆီယံ အနေဖြင့် မြန်မာပြည်သူများ၏ သဘောထားများကို တန်ဖိုးထားပြီး တိုင်းပြည်၏ ပြဿနာကို ကူညီဖို့ ချည်းကပ်အဖြေရှာလျှင် ပိုမိုကောင်းမွန်မည်ဖြစ်သော်လည်း ASEAN Summit မှ ဆုံးဖြတ်ချမှတ်လိုက်သည့် တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းသည် မြန်မာပြည်သူလူထု တရပ်လုံး လိုလားသည့် အဖြေအဟုတ်ပါ။ မိမိတို့ အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့်လည်း ပြည်သူလူထု၏ သဘောထားနှင့်ဆန့်ကျင်သော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီနှင့် တွေ့ဆုံညှိနှိုင်းရေးကို ချည်းကပ်မည်မဟုတ်ပါ။ ပြည်သူလူထုလိုလားသည့် အခြေအနေတရပ်ရောက်မှသာ တွေ့ဆုံညှိနှိုင်းမှုကို မိမိတို့အစိုးရအနေဖြင့် ထည့်သွင်းစဉ်းစားမည် ဖြစ်ပါသည်။

လေးစားရပါသော ပြည်သူ့ဝန်ထမ်းများ ခင်ဗျာ။ နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ရိုသေကြတဲ့ ပြည်သူ့ဝန်ထမ်းများကိုလည်း အထူး အလေးပေး ကျေးဇူးတင်စကားပြောချင်ပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်မှု ယန္တရားကို လည်ပတ်မှု မရှိအောင် ဆန့်ကျင်ခြင်းနဲ့ အာဏာဖီဆန်လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခြင်းတို့အတွက် ပြည်သူ့ဝန်ထမ်းများကို ထပ်လောင်း ကျေးဇူးတင်ချင်ပါတယ်။ စစ်တပ်က နေပြည်တော်မှာ အာဏာသိမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း ပြည်သူ့ဝန်ထမ်းများကြောင့် ယခုအချိန်ထိ နိုင်ငံတွင်း အာဏာသက်ရောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။ ထိုသို့ စွမ်းဆောင်ပေးနေမှုအတွက် ကျေးဇူးတင်ရှိပါတယ်။ ပြည်သူ့ဝန်ထမ်းများအနေဖြင့် လုပ်ခလစာ ဝင်ငွေ မရရှိခြင်း၊ အလုပ်အကိုင်များ မရှိတော့ခြင်း၊ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် မိသားစုနှင့် အတူတကွ နေထိုင်ရန် အခွင့်အရေးမရခြင်း၊ စစ်ကောင်စီရဲ့ ခြိမ်းခြောက်ခံနေရခြင်း၊ စစ်ကောင်စီထောက်ခံသူတွေရဲ့ ဝေဖန်ပြောဆိုမှုကို ခံနေရခြင်း၊ ဝရမ်းထုတ်ခံရခြင်းတို့လိုမျိုး ကြီးမားတဲ့ စွန့်လွှတ်အနစ်နာခံမှုများကို ပြုလုပ်ပေးနေတာကိုလည်း ကျနော်တို့ သိရှိနားလည်ထားပါတယ်။ တနိုင်ငံလုံးက ပြည်သူများက ပြည်သူ့ဝန်ထမ်းများကို လေးစားလျက်ရှိပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်မှာ အလုပ်မလုပ်ဘဲ ရဲရဲရင့်ရင့် ရပ်တည်နေကြတဲ့အတွက်လည်း ပြည်သူများက အသိအမှတ်ပြု၊ ဂုဏ်ပြုလျက်ရှိပါတယ်။ ပြည်သူ့ဝန်ထမ်းများရဲ့ ရဲရင့်မှု၊ သိက္ခာရှိမှုတွေကို ကမ္ဘာက နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ကာတင်စာရင်း တင်သွင်းပြီး ချီးကျူးဂုဏ်ပြု၊ အသိအမှတ်ပြုနေပါတယ်။ စစ်အာဏာရှင်များ အဓိက အလိုရှိသူများစာရင်းထဲတွင် ကျနော်ကိုယ်တိုင်သည်လည်း တစ်ဦးအပါအဝင်ဖြစ်နေတာကြောင့် စိုးထင့်စိတ်ဖြင့် နေထိုင်နေရခြင်းကို ကိုယ်တိုင် သိရှိ ခံစားနားလည်ရပါတယ်။ ပြည်သူ့ဝန်ထမ်းများရဲ့ ရဲစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခံမှုအတွက် နောက်တစ်ကြိမ် ထပ်မံ ကျေးဇူး တင်ချင်ပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် ပြည်သူ့ဝန်ထမ်းများအတွက် အကူအညီ ဖြစ်နိုင်တာ မှန်သမျှကို လုပ်ဆောင်သွားမယ့်အကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ နိုင်ငံ၊ တဦးတယောက်ချင်း၊ မိသားစုတိုင်း၊ နိုင်ငံသားတိုင်းရဲ့ ချမ်းသားဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးတို့ကို အလေးထားတဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် နိုင်ငံရဲ့ အနာဂတ်ဖွဲ့စည်းတည်ဆောက်ပုံအတွက် ပြည်သူ့ဝန်ထမ်းများက ကျောရိုးမဏ္ဍိုင်ဖြစ်ပါတယ်။

ဂျန်နရေးရှင်း ဇက် (လူငယ်မောင်မယ်များ) ခင်ဗျာ။ လူငယ်မောင်မယ်များက နိုင်ငံတော်အတွက် အနာဂတ်ဖြစ်ရုံသာမက ထိုအနာဂတ်ကို ချီးကျူးစရာကောင်းတဲ့ အရည်အချင်း၊ ဖန်တီးနိုင်စွမ်း၊ သတ္တိဗျတ္တိတွေနဲ့ ဝိုင်းဝန်း ပုံဖော်နေကြသူများလည်း ဖြစ်ပါတယ်။ လူငယ်တို့ရဲ့ သတ္တိ ဗျတ္တိ စွမ်းရည်ကို တွေ့မြင်ရပြီး ဖြစ်သလို အသံများကိုလည်း ကြားနာလျက်ရှိပါတယ်။ လူငယ်များရဲ့ ရဲရင့်မှုနဲ့ အရည်အချင်းတွေကြောင့် အားတက်ရပါတယ်။  လူငယ်များနဲ့ အတူတူ ဤလမ်းကို ဆက်လျှောက်သွားမှာဖြစ်ပါတယ်။ လူငယ်များကို ယုံကြည်ပါတယ်။ လူငယ်တွေ မျှော်မှန်းမြင်ယောင်နေတဲ့ မြန်မာနိုင်ငံက စစ်မှန်တဲ့နိုင်ငံပုံစံလို့ ထင်ပါတယ်။ လူငယ်တွေ မျှော်မှန်းထားတဲ့ နိုင်ငံဆိုတာ ကလေးတွေ လုံခြုံပျော်ရွှင်ပြီး စိုးထိတ်ကြောက်ရွံမှုကင်းတဲ့ နိုင်ငံ၊ လူငယ်တွေ ကောင်းမွန်တဲ့ ပညာရေးရနိုင်တဲ့ နိုင်ငံ၊ တရားမျှတမှု ထွန်းကားပြီး တဦးတယောက်ကိုမျှ မချန်ထားခဲ့ဘဲ ခွဲခြားမှုမရှိတဲ့ နိုင်ငံ၊ ၂၁ ရာစု အလုပ်အကိုင်တွေ ရနိုင်တဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု၊ စစ်အာဏာရှင် ဆန့်ကျင်မှုနဲ့ စစ်အာဏာရှင်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို တုံ့ပြန်တဲ့နေရာမှာ လူငယ်တွေ အသုံးပြုခဲ့တဲ့ ဆန်းသစ်တီထွင်တဲ့ လုပ်ငန်းစဉ်များ၊ သရုပ်ဖော် တင်ဆက်မှုများအတွက်လည်း ကျေးဇူးတင်ပါတယ်။ လူငယ်များကိုလည်း လွတ်လပ်မှု၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ချမ်းသာဝပြောခြင်းတို့အတွက် အားသွန်ခွန်စိုက် ဆက်လက်တိုက်ပွဲဝင်ပေးကြပါရန် အားပေးတိုက်တွန်းလိုပါတယ်။ ဤတိုက်ပွဲက ကိုယ်တိုင် တိုက်ယူရတဲ့ တိုက်ပွဲဖြစ်တာကြောင့် အနိုင်ဆုကိုရော အနာဂတ်ကိုပါ ကိုယ်ကသာ ပိုင်ဆိုင်ပါတယ်။ ကြိုးပမ်းမှုများအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

စာနယ်ဇင်းသမားများ၊ သတင်းထောက်များ၊ ဓာတ်ပုံပညာရှင်များနှင့် ပြည်သူသတင်းသမား (Citizen Journalist) များရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေအတွက်လည်း ကျေးဇူးတင်၊ လေးစားကြောင်း ပြောချင်ပါတယ်။ စာနယ်ဇင်းသမားများကြောင့်သာ နိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ကိစ္စများကို ကျနော်တို့ သိနေရတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ရဲရဲရင့်ရင့် ဆန့်ကျင်နေကြတာဖြစ်ပါတယ်။ စာနယ်ဇင်းသမားများကြောင့် စစ်ကောင်စီရဲ့ အကြမ်းဖက်မှု၊ ပြစ်မှုတွေ ဖုံးကွယ်မနေဘဲ တမ္ဘာလုံး သိရှိနေကြရတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ မီဒီယာများအတွက် ဆင်ဆာ၊ ဖိနှိပ်မှုတွေ မရှိဘဲ မိမိအလုပ်ကို အမှီအခိုကင်းကင်း၊ ပညာရှင်ပီပီသသ လွတ်လပ်စွာ လုပ်ဆောင်နိုင်တဲ့ နိုင်ငံတစ်ခုဖြစ်အောင် ကြိုးပမ်းသွားပါမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား ကျနော်က ကတိပြုအပ်ပါတယ်။

လူမှုဘဝ နယ်ပယ်အသီးသီးမှ စာနယ်ဇင်းသမားများ၊ စေတနာ့ဝန်ထမ်းများ၊ လူသားချင်း စာနာထောက်ထားရေး လုပ်ကိုင် ကြသူများ၊ အနုပညာရှင်များ၊ လူမှုကွန်ရက်တွင် လွှမ်းမိုးမှုရှိသူများနဲ့ အခြား ကျန်ရှိနေသော  ဘက်ပေါင်းစုံမှ ကူညီပံ့ပိုး ပေးသူ များ အားလုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်း အလေးအနက်ပြောကြားလိုပါတယ်။ နိဂုံးချုပ်အနေဖြင့် အသိပေးပြောပြချင်တာကတော့ ကျနော်တို့ အမျိုးသား ညီညွတ်ရေး အစိုးရမှာ ရှင်းလင်းပြတ်သားတဲ့ လမ်းစဉ်တစ်ရပ်ရှိနေပြီး ထိုလမ်းစဉ်က စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ နှစ်ပေါင်း (၇၀) ကျော်ကြာ မျှော်မှန်းတောင့်တ နေကြတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ကျား/မ ဖြစ်ခြင်း၊ အသားအရောင်၊ ကိုးကွယ်တဲ့ဘာသာနဲ့ လူမျိုးစုမတူညီခြင်းတို့အပေါ် မူတည်ပြီး ခွဲခြားခြင်းမရှိတဲ့ အားလုံးတန်းတူ ယှဉ်တွဲနေထိုင်နိုင်တဲ့ နိုင်ငံတော်တစ်ရပ် တည်ဆောက်ရေး၊ ငြိမ်းချမ်းခြင်း၊ ကြွယ်ဝပြည့်စုံခြင်းနဲ့  ပေးကမ်းရက်ရောခြင်းတို့လို သွင်ပြင် လက္ခဏာများ ပါရှိတဲ့ နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်ရေးဆီသို့ ဦးတည်ထားပါတယ်။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်များ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ အရေးတော်ပုံအောင်ရမည်။