ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးတွင် စိန်ခေါ်မှုများစွာရှိနေသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရတရပ်အနေဖြင့် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်နေကြသည့်အကြောင်း၊ လက်ရှိအခြေအနေတွင် ဝန်ကြီးဌာနတိုင်းနီးပါး၌ မူဝါဒနှင့် နည်းဗျူဟာများ ချမှတ်ပြီးစီးပြီဖြစ်ကြောင်း ဒုသမ္မတက ပြောကြားခဲ့ပါသည်။
ထို့အပြင် မူဝါဒများ ချမှတ်ရာတွင် အမျိုးသား ညီညွတ်သောအစိုးရဟု အမည်တွင်သည့်အတိုင်း တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ အများသဘောတူညီလက်ခံနိုင်သည့် မူဝါဒများ၊ ဥပဒေများ ဖြစ်မြောက်ရန်အတွက် အရေးကြီးကြောင်း၊ CRPH အနေဖြင့် အမျိုးသားညီညွတ်ရေးကို ဦးတည်သည့်လမ်းညွှန်ချက်များ ချမှတ်ပေးပါရန် လိုအပ်ပါကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။
CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်မှလည်း CRPH က ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများနှင့် အမျိုးသားညီညွတ်ရေးအစိုးရအား လက်တွဲအကြံပေးနိုင်ရန် နှင့် အစိုးရ၏ လုပ်ဆောင်ချက်များကို CRPH အား မျှဝေရှင်းလင်းနိုင်ရန်အတွက် ယခုအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း ဆွေးနွေးရှင်းလင်းခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းမှ အစိုးရဝန်ကြီးဌာနအသီးသီး၏ လုပ်ငန်းစဉ်များကို တင်ပြခဲ့ပါသည်။ လွှတ်တော်အမတ်များကလည်း မေးခွန်းများကို မေးမြန်းကြကာ သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။ ထို့နောက် ဒုသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရင်း အစည်းအဝေးကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။