ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးဆိုင်ရာကော်မရှင် ပထမအကြိမ် အစည်းအဝေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာကော်မရှင် ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဒုတိယသမ္မတ ဒူဝါလရှီးလမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။

နိုင်ငံတော်ဒုတိယသမ္မတအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံရေးဆွဲ‌ရာတွင် FCDCC နှင့် EAOs များရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်အခြေခံမူများ အပေါ်အခြေခံကာ နိုင်ငံအတွက် ပိုမိုပြည့်စုံသည့် ဖက်ဒရယ်ဖွဲ့စည်းပုံတရပ်ဖြစ်ရန် နှင့် အဆိုပါ ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရာတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပညာရှင်များကို ဖိတ်ခေါ်ရန် တိုက်တွန်းခဲ့သည်။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေး တိုက်ပွဲဝင်နေသည့် အစိုးရဖြစ်သည့်အလျှောက် ယခုကဲ့သို့ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် ဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေရေးဆွဲရာတွင် ပြည်သူလူထု၏ သဘောထားအမြင်များလည်း အရေးကြီးကြောင်း၊ မြန်မာပြည်၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးမည့် ဖွဲ့စည်းပုံတရပ်ဖြစ်ရန်လိုအပ်ကြောင်း၊ လက်ရှိချိန်တွင် အခက်အခဲ စိန်ခေါ်မှုများ ရှိမည်ဖြစ်သော်လည်း ညီညွတ်မှုကို အဓိကထားကာ အားလုံးပါဝင်နိုင်မည့် အခင်းအကျင်းကို ဖန်တီးပြီး ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံတရပ် ရေးဆွဲ အတည်ပြုနိုင်‌ရန် တိုက်တွန်းခဲ့ပါသည်။