အမျိုးသားညီညွတ်ရေးအစိုးရ၏ ဂျပန်လွှတ်တော်နှင့် တွေ့ဆုံဆွေးနွေးမှု

ဒုတိယသမ္မတ၏ အဖွင့်အမှာစကား

လေးစားအပ်ပါသော ဂျပန်နိုင်ငံ လွတ်တော်အမတ် Ishibashi နှင့် ယခုဆွေးနွေးပွဲတွင် တက်ရောက် နေကြသည့် ဂျပန်နိုင်ငံ လွတ်တော်အမတ်များ အားလုံး မင်္ဂလာပါ….

ရှေးဦးစွာ မြန်မာ့အရေးကို အစဉ်တစိုက် ဝိုင်းဝန်းကူညီခဲ့သည့် ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူ ပြည်သားများ အားလုံးကို မိမိအနေဖြင့် မြန်မာပြည်သူလူထုကိုယ်စား အထူးကျေးဇူးတင်ပါတယ်။

ထို့အတူ လွတ်တော်အမတ် Ishibashi ရဲ့ မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး ကြိုးပမ်းပေးမှုကို အသိအမှတ်ပြုပြီး လတ်တလော စစ်ကောင်စီတပ်လက်ထဲ ဖမ်းဆီးခံရကာ ပြန်လည်လွတ်မြောက် လာသည့် ဂျပန် အလွတ်တန်း သတင်းထောက် Yuki Kitazumi ရဲ့ မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ကာ နိုင်ငံတကာသို့ သတင်းမှန်ကို ချပြခဲ့သည့် သူရဲ့ လုပ်ဆောင်မှုအပေါ် မိမိတို့ အစိုးရနှင့် ပြည်သူလူထုများအနေဖြင့် အမြဲဂုဏ်ပြု သတိရနေမှာ ဖြစ်ပါတယ်။ မစ္စတာ ကီတာဇူမီ၊ သင်သည် မြန်မာပြည်သူများအတွက် မတရားမှုများကို ဆန့်ကျင်ရာတွင် ရပ်တည်ခဲ့သည့် သူရဲကောင်းတဦးဖြစ်ပါသည်။ ဂျပန်အစိုးရအနေဖြင့်လည်း မတရားမှုကိုဆန့်ကျင်ကာ အလားတူ လုပ်ဆောင်လိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။

မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခရီးစဉ်ဟာ ဆယ်စုနှစ်အကြာတွင်ပဲ အာဏာသိမ်းမင်းအောင်လိုင် စစ်တပ်မှ ဖေဖော်ရီလ ၁ ရက်နေ့မှ စတင်ပြီး အာဏာသိမ်းခဲ့မှုကြောင့် ပျက်သုန်းခဲ့ပြီး မြန်မာပြည်လူထု တရပ်လုံးအနေဖြင့်လည်း အာဏာသိမ်းမှုနှင့် အာဏာရှင်စနစ်ကို လက်မခံဘဲ ဒီမိုကရေစီပြန်လည်ရရှိဖို့ တော်လှန် နေကြသည်မှာ (၃) လကျော် ကြာမြင့်လာပြီ ဖြစ်ပါသည်။

ဤ သုံးလတာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အသက်သေကြေခဲ့သူပေါင်း တစ်ထောင်ကျော်ခန့် ရှိနေပြီ ဖြစ်ပြီး ဖမ်းဆီးခံရသူပေါင်း ငါးထာင်ကျော် ရှိနေပြီဖြစ်ပါသည်။ ယခုတော်လှန်ရေးတွင် ပြည်သူများ၏ ပေးဆပ်မှုများမှာ အ့ံမခန်းဖြစ်ပြီး မိမိတို့မြန်မာနို်င်ငံသည်လည်း အာဏာရှင်စနစ်ကြောင့် လူ့အဖွဲ့အစည်းများအကြား နက်ရှိုင်းစွာ စည်းလုံးမှု ပျက်ပြားခဲ့ကြပါသည်။ သို့သော် အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူလူထုအကြား စည်းလုံးညီညွတ်မှုသည် ယခင်ကထက် ပိုမိုများပြားစွာ စည်းလုံးညီညွတ်မှု ရှိလာခဲ့ပြီဖြစ်ပါသည်။ ပြည်သူလူထုအကြား စည်းလုံးမှုနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် စိတ်ဆန္ဒသည်သာ အာဏာရှင်ကို ဖျက်သိမ်းဖို့ ကြီးမားသည့် အင်အားဖြစ်ပါသည်။

မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း၏ အဓိကရည်ရွယ်ချက်များမှာ မိမိတို့အစိုးရ သည်သာ တရားဝင် အစိုးရဖြစ်ခြင်းနှင့် ပြည်သူလူထုတရပ်လုံး ဝန်းရံထောက်ခံသည့်အစိုးရဖြစ်ကြောင်း နိုင်ငံတကာကို သိစေလိုခြင်းနှင့် မိမိတို့အစိုးရအနေဖြင့် အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းကာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ စနစ်တွင် ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းတရပ်ဖန်တီးကာ ပြည်သူများ၏ လွတ်လပ်မှု၊ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားလိုက်နာသည့် နိုင်ငံတရပ်အဖြစ် ဖန်တီးဖို့ ရည်မှန်းထားပါသည်။ မိမိတို့ နိုင်ငံရေး ရည်မှန်းချက်များ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် နိုင်ငံတကာများ၏ ဝန်းရံမှု၊ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် အသိမှတ်ပြုမှုနှင့် ကူညီထောက်ပ့ံမှုသည် အရေးကြီးလှပါသည်။ ထို့အတူ ယနေ့ ဂျပန်နိုင်ငံရှိ လွတ်တော်အမတ်များနှင့် ယခုလိုမိမိတို့အစိုးရအဖွဲ့နှင့်တွေ့ဆုံမှုသည် အင်မတန် အကျိုးမြတ် ရှိစေသည့် တွေ့ဆုံမှုဖြစ်ပြီး ကောင်းမွန်သည့် ရလဒ်များ ရရှိမယ်လို့ မိမိအနေဖြင့်မျော်လင့်ပါတယ်။ ယခုလို အချိန်ပေးပြီး တွေ့ဆုံပေးသည့် ဂျပန် လွတ်တော်အမတ်များ အားလုံးကိုလည်း အထူး ကျေးဇူးတင်ရှိပါသည်။