နိုင်ငံတော် ဒုသမ္မတမှ အမျိုးသားညီညွတ်ရေးအစိုးရ၏ အဌမအကြိမ် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည့် မိန့်ခွန်း

၁၅ ဇွန်လ ၂၀၂၁ ခုနှစ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယနေ့ကျင်းပပြုလုပ်သော အဌမအကြိမ် အစိုးရအဖွဲ့အစည်းတွင် နိုင်ငံတော် ဒုသမ္မတ ဒူဝါလရှီးလမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဖွင့်အမှာစကားတွင် ဒုသမ္မတကြီးမှ ပြီးခဲ့သည့် G7 ထိပ်သီးအစည်းအဝေး (G-7 Summit) တွင် ကမ္ဘာ့ထိပ်သီးနိုင်ငံများအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်တွင် အာဏာသိမ်းမှုကို အပြင်းအထန်ကန့်ကွက်ကြသည့်အပေါ် အသိအမှတ်ပြုကြောင်းနှင့် ယခုဆုံးဖြတ်ချက်များသည်လည်း သံတမန်နည်းလမ်းအရသာ ဦးစားပေးခဲ့သည်ကိုတွေ့ရပြီး ယခုထက်ပိုမိုအားကောင်းလာရန် ထိပ်သီး နိုင်ငံများကို ချည်းကပ်ရမည်ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း နိုင်ငံတကာ၏ အသိအမှတ်ပြု ဝန်းရံလာမှုများ ပိုမိုတိုးတက်လာသည်ကို တွေ့ရပြီး ဂျပန်လွတ်တော်နှစ်ရပ်မှ စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ရှုတ်ချခြင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ဝန်းရံမည်ဖြစ်ကြောင်း ကတိပေးထားခဲ့ပြီး ဂျပန်အစိုးရကိုလည်း စစ်ကောင်စီနှင့် လက်တွဲလုပ်ဆောင်မှုများ ချက်ချင်းရပ်ဆိုင်းရန် တိုက်တွန်းမည်ဟု ထုတ်ပြန်ကြေညာချက်များတွင် တွေ့ရှိရပါကြောင်းနှင့် နိုင်ငံအချို့မှ မိမိတို့အစိုးရအား အသိအမှတ်ပြုကာ အစိုးရရုံးများဖွင့်လှစ်နိုင်ရန် ခွင့်ပြုလာမှု၊ ဩစတေးလျနိုင်ငံမှ လွတ်တော်အမတ်များလည်း Parliamentary Friends of Myanmar အမည်ဖြင့် စုဖွဲ့ကာ မြန်မာ့အရေးကို ကူညီရန် ဝန်းရံလာမှုများသည် မိမိတို့အတွက် အားတက်စရာဖြစ်စေပါကြောင်း ပြောကြားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်နိုင်ရန် တိုင်းရင်းသားများ အားလုံး၏ စုစည်းမှုသည် အရေးကြီးလှပြီး တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှု၊ စုဖွဲ့မှုကို အစိုးရအနေဖြင့် အဓိက ဦးစားပေးကာ လုပ်ဆောင်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။