အပတ်စဉ်သတင်းထုတ်ပြန်ချက် (၈/၂၀၂၁)

၁၆ ဇူလိုင် ၂၀၂၁ခုနှစ်

၁။ အမျိုးသား ညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က နိုင်ငံပိုင် မြေနှင့်အဆောက်အဦနှင့် မြေကွက် (၂၃)ခုကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် စီစဉ်ဆောင်ရွက်နေခြင်းသည် တရားဝင်မှု မရှိသောကြောင့် ဝယ်ယူခြင်း မပြုကြရန်နှင့် ဝယ်ယူထားသည့် မြေနှင့်အဆောက်အဦ နှင့်မြေကွက် များအား နိုင်ငံပိုင်အဖြစ် ပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်သည့် ကြေညာချက် (၅/၂၀၂၁) ကို ၂၀၂၁ ခုနှစ် ဇူလိုင်က ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ အခွန်အခများ လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာတဲ့ အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၁) ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရက အမည်စာရင်းတင်သွင်းခဲ့သည့် ဦးတိုးအောင်အား ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် အတည်ပြု ခန့်အပ် တာဝန်ပေးအပ်လိုက်သည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ် ၁၉ ဗဟုသုတစင်တာ (https://facebook.com/ckcmohnugmm) လူမှုကွန်ယက်စာမျက်နှာကို ဇူလိုင်လ ၄ ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည်။  ကိုဗစ် ၁၉နှင့် ပတ်သက်သော မှန်ကန် ၊အကျိုးရှိမည့် ကျန်းမာရေး ဆိုင်ရာအချက်အလက် အကြောင်းအရာများကို ပြည်သူလူထုထံသို့ ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ပြီး ကိုဗစ် ၁၉ရောဂါဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ဖော်ပြပေးလျက်ရှိပါသည်။ အထူးသဖြင့် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် နံနက် (၉) နာရီမှ ည (၇) နာရီအတွင်း ကိုဗစ်ဗဟုသုတဆိုင်ရာ မေးခွန်းများကို ပြည်သူများထံမှ စုစည်းရယူပြီး ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တို့တွင် အဆိုပါမေးခွန်းများကို ပြန်လည် စုစည်းဖြေကြား ပေးလျက်ရှိပါသည်။

            ကျန်းမာရေးဝန်ကြီးဌာနသည် တယ်လီကျန်းမာအွန်လိုင်းဆေးခန်း (https://facebook.com/telehealthmm) ကိုလည်း (၁၉-၆-၂၀၂၁) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါအပါအဝင် ပြည်သူလူထု၏ ကျန်းမာရေးပြဿနာများကို အွန်လိုင်းမှတစ်ဆင့် ကုသပေးလျက်ရှိပါသည်။ နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ ဆေးခန်းဖွင့်လှစ်ထားပြီး အထွေထွေရောဂါဆရာဝန်များအပါအဝင် အထူးကုဆရာဝန်ကြီးများက အထူးကုရောဂါ အမျိုးအစား (၁၂) မျိုးထိ ကုသပေးလျက်ရှိပါသည်။ ထို့အပြင်      (၁၆-၇-၂၀၂၁) ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သီးသန့်အကြံပေးကုသပေးမည့် Telegram Channel (၅) ခုဖြင့် ပြည်သူလူထု၏ ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးပြဿနာများကို ဖြေရှင်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။

            ကျန်းမာရေးဝန်ကြီးဌာနသည် “ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို အနိုင်ယူပါ” ဆောင်ပုဒ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာ ဖြန့်ဝေရေး လူထုလှုပ်ရှားမှု ရက်သတ္တပတ်ကို  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ နေရာဒေသအနှံ့၌ ကိုဗစ်-၁၉ ရောဂါသည် လျင်မြန်များပြားစွာ ကူးစက်ဖြစ်ပွားလျက်ရှိသည့်အတွက် ပြည်သူများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများကို ပိုမို သိရှိ၊ လိုက်နာ၊ ဖြန့်ဝေကြစေရန်နှင့် အထူးသဖြင့် Surgical Mask များ ဝယ်ရခက်ခဲပြီး ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် မိမိအိမ်တွင် ချုပ်လုပ်ကြသည့် အဝတ်နှာခေါင်းစည်း (Homemade Fabric / Cloth Mask) များကို ကျယ်ကျယ်ပြန့်ပြန့် ဝတ်ဆင်လာကြစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ပညာပေးပိုစတာများ၊ ရုပ်သံဗီဒီယိုများကို အင်တာနက်လိပ်စာ https://tinyurl.com/c19mohnug တွင် တစ်စုတစ်စည်းတည်း ရယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။

            ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် EHO အဖွဲ့များ၊ အခြားနိုင်ငံရေးနှင့် လူမှုအင်အားစုများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ပါသည်။

            အကြမ်းဖက်စစ်ကောင်စီက ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနေသော ပြည်သူများ အရေးပေါ် လိုအပ်လျက်ရှိသည့် အောက်စီဂျင်စလင်ဒါများ ပြန်လည်ဖြည့်ခြင်းအား ပိတ်ပင်ခြင်းကို ရှုံ့ချသည့်အနေဖြင့် လူတိုင်း လွတ်လပ်စွာ အသက်ရှုခွင့်နှင့် အသက်ရှင်ခွင့်ရရှိစေရန်အတွက် “ လွတ်လပ်စွာ အသက်ရှုခွင့်ပေးပါ Campaign” ကိုလည်း ယခုရက်ပိုင်းအတွင်း ဆောင်ရွက်သွားရန် စီစဉ်လျက်ရှှိပါသည်။

            ကျန်းမာရေးဝန်ကြီးဌာနသည် ကျန်းမာရေးဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ဆေးပညာမျှဝေမှုအစီအစဉ် (COVID-19 Webinar Series) ကိုလည်း တစ်ပတ်လျှင် (၃) ရက် ပြုလုပ်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page (https://facebook.com/MoHNUGMyanmar) တွင် Live ထုတ်လွှင့်ပေးလျက်ရှိပါသည်။

            ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် မဖြစ်မနေ အပြင်ထွက်ရမည့် ကိစ္စမှအပ မိမိတို့နေအိမ်ထဲတွင်သာ (၂) ပတ် နေထိုင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်စေရန်လည်း နှိုးဆော် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မိမိတို့ဝန်ကြီးဌာနအတွင်းရှိ CDM တွင်ပါဝင် ဆန္ဒပြနေသည့် ဝန်ထမ်းများကို အမျိုးမျိုးဖိအားပေး ခြိမ်းခြောက်နေသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ ဩဇာခံများနှင့် ယင်းစစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ (Non- CDM များ) အား ၎င်းတို့၏ လုပ်ရပ်/ပြစ်မှု အပေါ်မူတည်ကာ အမျိုးသားညီညွတ်ရေးအစိုးရက ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်ကာ ထိရောက်စွာအရေးယူသည့်အနေဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက် အမှတ်(၇) အရ ထုတ်ပြန်ကြေညာချက်အမှတ် (၃/၂၀၂၁) ကို ထုတ်ပြန်၍ ဝန်ထမ်း (၁၁) ဦး၊ (၄/၂၀၂၁) ကိုထုတ်ပြန်၍ ဝန်ထမ်း (၃၂) ဦးတို့ကို အမည်ပျက်စာရင်း(Blacklist) သွင်းခဲ့ကြောင်း ကြေညာခဲ့သည်။

            ၁၂-၇-၂၀၂၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDC)” ဆောင်ရွက်မှုအစီရင်ခံစာ တင်သွင်းခဲ့သည်။

            အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာချက်အမှတ် (၆/၂၀၂၁) ဖြင့် ဝန်ထမ်း (၉) ဦး၊ ကြေညာချက်အမှတ် (၇/၂၀၂၁) ဖြင့် ဝန်ထမ်း (၁၀) ဦး၊ ကြေညာချက်အမှတ် (၈/၂၀၂၁) ဖြင့် ဝန်ထမ်း (၉) ဦးတို့ကို အမည်ပျက်စာရင်း(Blacklist) သွင်းခဲ့ကြောင်း ထပ်မံကြေညာခဲ့သည်။

၆။ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်မှုလုပ်ငန်းစဉ် (Universal Periodic Review – UPR) နှင့် ပတ်သက်ပြီး အကြံပြုချက်များ ရယူနိုင်ရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

၇။ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး        ကော်မရှင်က

အကျဉ်းထောင်များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားသေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည့်ကိစ္စနှင့်စပ်လျဉ်း၍ အကြမ်းဖက်စစ်ကောင်စီအား ပြင်းထန်စွာသတိပေးသည့် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁) ကို ၂၀၂၁ ခုနှစ်

ဇူလိုင်လ ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

၈။ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က “ ကိုဗစ်တတိယလှိုင်းတုန့်ပြန် လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်” တစ်စောင်၁၀ ထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်တွင် ကျန်းမာရေးဆိုင်ရာအခွင့်အလမ်းများ ရရှိခံစားခွင့် အချက် (၅) ချက်ဖြစ်သည့် ၁။ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို မည်သူ့အပေါ်မှ ခွဲခြားခြင်းမရှိဘဲ ရယူခံစားခွင့် (Non-Discrimination) ၂။ ကျန်းမာရေးဆိုင်ရာ ကာကွယ်တားဆီးရေးနှင့် ပတ်သတ်၍ လိုအပ်သော အရာများကို လူတိုင်း ရရှိပိုင်ခွင့်(Availability) ၃။ ကျန်းမာရေးပစ္စည်းများကို အလွယ်တကူ ဝယ်ယူပိုင်ခွင့်(Accessibility) ၄။ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များလုပ်ဆောင်ရာတွင် လူထုကို အခြေပြုပြီး ပြည်သူအများလက်ခံနိုင်မှု (Acceptability) ၅။ ကျန်းမာရေးဝန်ဆောင်မှုများ၏ အရည်အသွေးပြည့်ဝမှု (Quality) စတဲ့ ရရှိခံစားခွင့်များကိုပင် မရရှိသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း၊ ထိုသို့ပြုလုပ်နေခြင်းဟာ အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်သူတစ်ရပ်လုံးအပေါ်သက်ရောက်စေသည့် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု ကို နောက်ထပ်ကျူးလွန်ခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ကျန်းမာရေးဆိုင်ရာ ကူညီ လုပ်ဆောင်နေသော အဖွဲ့များအပေါ် နှောက်ယှက်ဟန့်တားနေမှုတွေကု ချက်ချင်းရပ်တန့်ပြီး ပြည်သူတွေဆီ ကျန်းမာရေးအကူအညီတွေ ရောက်ရှိစေရန် ဆောင်ရွက်ပေးရန် သတိပေးကြောင်းတို့ ပါဝင်ပါသည်။

၉။ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဌာနခွဲအသီးသီးက CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအိမ်ရာများမှ နှင်ထုတ်ခြင်း၊ ပြန်ဆပ်ရန် မလိုသည့် ၂ လစာချေးငွေများကို ပြန်လည်ပေးဆပ်ခိုင်းခြင်း စတဲ့လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဝန်ထမ်းအကြီးအမှူး ၉ ဦးကို အမိန့်ကြေငြာစာအမှတ် (၆/၂၀၂၁)၁၁ ကိုထုတ်ပြန်၍  နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်ကြောင်း ဇူလိုင်လ ၁၄ ရက် ဒီကနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

အသေးစိတ်သိရှိလိုပါက ထပ်မံလေ့လာရန် လင့်ခ်များ

၁။ https://www.facebook.com/NUGmyanmar/posts/145212184366088

၂။ https://www.facebook.com/NUGmyanmar/posts/145863500967623

၃။ https://www.facebook.com/NUGmyanmar/posts/147099670844006

၄။ https://www.facebook.com/NUGmyanmar/posts/147819244105382

၅။ https://www.facebook.com/NUGmyanmar/posts/148482904039016

၆။ https://www.facebook.com/NUGmyanmar/posts/148681640685809

၇။ https://www.facebook.com/NUGmyanmar/posts/149418967278743

၈။ https://www.facebook.com/NUGmyanmar/posts/149378983949408

၉။ https://www.facebook.com/NUGmyanmar/posts/147877507432889

၁၀။ https://www.facebook.com/NUGmyanmar/posts/147933740760599

၁၁။ https://www.facebook.com/NUGmyanmar/posts/148603070693666