ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဌာန နှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန တို့၏ ထုတ်ပြန်ကြေညာချက် – ပူးတွဲကြေငြာချက်အမှတ် ၃/၂၀၂၁

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် ရန်ကုန်မြို့ ၊ အင်းစိန်ထောင်အတွင်းဖြစ်ပွားခဲ့သည့် အကျဥ်းသားများ၏ ငြိမ်းချမ်းစွာဆန္ဒပြမှုနှင့် ၂၀၂၁ခုနှစ် ၊ သြဂုတ်လ (၈)ရက်နေ့ ၊ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ(၃၃)နှစ်ပြည့်အထိမ်းအမှတ်နေ့တွင် မန္တလေးအိုးဖိုအကျဥ်းထောင်တွင်ဖြစ်ပွားခဲ့သည့် အကျဥ်းသားများ၏ ငြိမ်းချမ်းစွာဆန္ဒပြမှုများသည် ထောင်အတွင်းဆိုးဝါးလှသည့် ကိုဗစ်၁၉ ကပ်ရောဂါကူးစက်မှုကျန်းမာရေးအခြေအနေအပေါ် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် အခြားသောစီမံခန့်ခွဲမှုညံ့ဖျင်းခြင်းများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု မိမိတို့ သုံးသပ်သည်။

လွတ်လပ်စွာဆန္ဒထုတ်ဖော်မှုနှင့် စစ်ကောင်စီကို ဆန့်ကျင်မှုတို့ကြောင့်မတရားဖမ်းဆီးခံရသော တက်ကြွလှုပ်ရှားသူတို့သည် ထောင်အတွင်းအကျဥ်းကျခံနေရသော်လည်း လူသားတိုင်းရရှိခံစားခွင့်ရှိသော ကျန်းမာရေးဆိုင်ရာအခွင့်အရေးနှင့် တခြားသော လူ့အခွင့်အရေးများအတွက် အန္တရာယ်ကိုမကြောက်မရွံ့ဘဲ တိုက်ပွဲဝင်ခဲ့မှုအပေါ် ချီးကျူးဂုဏ်ပြုအပ်ပါသည်။                 

အင်းစိန်ထောင်တွင်းဆန္ဒပြမှုမှ တောင်းဆိုထားသည့် ထောင်တွင်း ကိုဗစ်ကာကွယ်ရေး အစီအမံမြှင့်တင်ပေးရေးကို အကျဉ်းဦးစီးအာဏာပိုင်များဖက်က လိုက်လျောပေးမည်ဟု ပြောခဲ့ဆိုသော်လည်း လက်တွေ့တွင် လူတိုင်းတန်းတူညီမျှစွာနှင့် လုံလောက်စွာ ကုသမှုရရှိအောင် ထိထိရောက်ရောက် မလုပ်ဆောင်သေးကြောင်း မိမိတို့ သိရှိရသည်။ ထို့ပြင် ဆန္ဒပြရာတွင် ပါဝင်ခဲ့သော တက်ကြွလှုပ်ရှားသူများ၏ လက်ရှိအခြေအနေကို တိတိကျကျမသိရသေးချေ။

ထောင်အတွင်းရှိ အကျဥ်းသားများအကြား ကိုဗစ်-၁၉ ကူးစက်ခံရမှုနှုန်း အထူးမြင့်မားနေသည့်သတင်းများထွက်ပေါ်နေပြီး ဝါရင့်နိုင်ငံရေးခေါင်းဆောင်တချို့ သေဆုံးခဲ့မှုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့်‌ အထူးစိုးရိမ်ပူပန်မိသည်။ အထူးသဖြင့် အင်းစိန်ထောင်တွင် ဆန္ဒပြစဥ်က စစ်ကားများ၀င်ရောက်သွားပြီးဖိနှိပ်ခဲ့သည့်အတိုင်း အလားတူပင် မန္တလေးအိုးဖိုအကျဥ်း‌ထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများ ငြိမ်းချမ်းစွာဆန္ဒပြသည့်ဖြစ်စဥ်တွင် ထောင်အတွင်းမှ သေနတ်သံ(၂)ချက်ထွက်ပေါ်လာမှု၊ နိုင်ငံရေးအကျဥ်းသားများ၏ ဆန္ဒပြကြွေးကြော်သံများထွက်ပေါ်လာပြီးနောက် အိုးဖိုထောင်အတွင်းသို့ စစ်ကားများ၀င်ရောက်သွားမှု၊ စသည့်အခြေအနေများအရ နိုင်ငံရေးအကျဥ်းသားများအပေါ် စစ်ကောင်စီ၏ လက်ပါးစေများမှ ဆိုးရွားစွာဖိနှိပ်မည်ကို အင်မတန်စိုးရိမ်မိပါသည်။

ထို့ကြောင့် လက်ရှိထောင်တွင်းအခြေအနေများကို အမှန်အတိုင်းသိရှိပြီး ထောင်တွင်းဆိုးဝါးလှသည့်အခြေအနေများ အထူးသဖြင့် ကိုဗစ်ရောဂါကာကွယ်တားဆီးကုသနိုင်ရေးအတွက် လုပ်ဆောင်ရန်လိုအပ်သော အစီအစဥ်များအား အမြန်ဆုံးလုပ်ဆောင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of Red Cross) ကို ထောင်အတွင်းဝင်ရောက်ခွင့်ပြုပြီး လုပ်ဆောင်ခွင့်ပြုရန် အထူးအရေးကြီးသည်။ ထို့ကြောင့် လူကြီးမင်းတို့၏ အစိုးရနှင့် သံရုံးများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို အောက်ပါအချက်များ လုပ်ဆောင်လာအောင် ဖိအားပေးလုပ်ဆောင်ပေးကြရန် ပန်ကြားအပ်ပါသည်။

  • အကျဉ်းသားများအားလုံး တန်းတူညီမျှစွာ ကိုဗစ်ကပ်ရောဂါကုသခွင့်ရရှိစေရေးနှင့် ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်အတွက် အကာအကွယ်ပစ္စည်းများ၊ ဆေးဝါး၊ အသုံးအဆောင်များကို တိုးမြှင့်စီစဉ်ပေးရန်၊
  • ကိုဗစ် ကူးစက်မှုခံရသော အကျဉ်းသားများအား မိသားစုထံသို့အသိပေး အကြောင်းကြားခွင့်ပြုရန်၊
  • ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ခြင်းကို ပယ်ဖျက်ပေးပါရန်၊
  • အမျိုးသမီးများ၏ တကိုယ်ရည်သန့်ရှင်းရေးနှင့် အမျိုးသမီးဆိုင်ရာကျန်းမာရေးတို့အတွက် ရေအလုံအလောက်သုံးစွဲခွင့်ရရှိရန်နှင့် အမျိုးသမီးအတွက် လိုအပ်သော ကျန်းမာရေးအခွင့်အရေး၊ အသုံးအဆောင်ပစ္စည်းများရရှိခွင့်ပြုရန်၊
  • နိုင်ငံရေးအကျဉ်းသားများ၊ စီဒီအမ်ဝန်ထမ်းများအနေဖြင့် ICRC နှင့် တဦးချင်းစီသော်လည်းကောင်း၊ အုပ်စုလိုက်ဖြင့်သော်လည်ကောင်း တွေ့ဆုံပြီး လိုအပ်ချက်များ တင်ပြခွင့်ကို ခြွင်းချက်မရှိ ခွင့်ပြုရန်၊
  • အကျဉ်းသားများ၏တောင်းဆိုမှုများအား ထောင်ဦးစီး၊ ဝန်ထမ်းများက လူသားဆန်စွာလေးစားမှုပြသပြီး ဆက်သွယ်ပြောဆိုညှိနှိုင်းပေးရန်နှင့် အကြမ်းဖက်ဖိနှိပ်ခြင်းမပြုရန်။

 ကျွန်ုပ်တို့အနေဖြင့် ထောင်တွင်းရှိ မတရားဖမ်းဆီးအကျဥ်းချခံရသော နိုင်ငံရေးအကျဥ်းသားများ၏ အခွင့်အရေးအတွက် ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်မှသာလျှင် စစ်ကောင်စီအား လုံလောက်သောဖိအားပေးနိုင်မည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့်အထက်ပါ အချက်အလက်များနှင့်တကွ အဖမ်းအဆီးခံအကျဥ်းသားများ၏ ထောင်တွင်းအခွင့်အရေးများအတွက် အတူတကွ စုပေါင်းအသံလွှင့်ပေးကြရန် နှင့် တောင်းဆိုပေးကြပါရန် အထူးတိုက်တွန်းလိုက်ရပါသည်။