ကြေညာချက်အမှတ် (၃/၂၀၂၂) “အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

၂၀၂၂ ဇန်နဝါရီ ၁၃ရက်

၁။ အကြမ်းဖက်စစ်ကောင်စီသည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့အတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာ မြို့နယ်၊ ကျေးရွာ များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသည်။ ယင်းသို့ လူသားချင်းစာနာ ထောက်ထားမှု ကင်းမဲ့သော ဆိုးဝါးပြင်းထန်လှသည့် လေကြောင်းဖြင့် အင်အားသုံး တိုက်ခိုက်မှုများကြောင့် ထောင်ပေါင်းများစွာသော ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ် များကို ကြီးမားစွာ ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ပါသည်။

၂။ ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းဖြင့် အင်အားသုံးတိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများသည် ၎င်းတို့၏ နယ်မြေဒေသများကို စွန့်ခွာပြီး ဘေးလွတ်ရာဒေသများသို့ ထွက်ပြေး တိမ်းရှောင် နေကြရသဖြင့် စစ်ဘေးရှောင်ပြည်သူဦးရေမှာလဲ တိုးသထက်တိုးလာနေသလို ဒေသခံတိုင်းရင်းသား တို့၏ လယ်မြေများ၊ တောင်ယာများ၊ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးကြရပြီး နေအိမ်များ၊ သာသနိကအဆောက်အဦ များ၊ ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ထိခိုက်ပျက်စီးခဲ့ရပါသည်။ ထို့ပြင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များ၊ ရောဂါ ဝေဒနာခံစားနေရသူများ၊ ကျောင်းသားကျောင်းသူများ၏ လူမှုဘဝလုံခြုံမှု ကင်းမဲ့ နေကြရပြီး ဘေးလွတ်ရာဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည့် အတွက် ၎င်းတို့၏ စားဝတ်နေရေး နှင့် ကျန်းမာရေး၊ ပညာရေးကိစ္စများ အပါအဝင် အခက်အခဲပေါင်း များစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။

၃။ အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေး တစ်ခုတည်းကိုသာ ရှေးရှုလျက် အရပ်သားပြည်သူများနေထိုင်ရာ နယ်မြေဒေသများအပေါ် မြို့လုံးကျွတ်၊ ရွာလုံးကျွတ်နီးပါး ထိခိုက် ပျက်စီးစေသည်အထိ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ယခုကဲ့သို့ ဆိုးဝါးပြင်းထန်စွာ အကြိမ်ကြိမ် ကျူးလွန်တိုက်ခိုက်နေသည့် လုပ်ရပ်များသည် လူသားမျိုးနွယ်အပေါ် ကာကွယ်စောင့်ရှောက်ပေးရန် ပြဋ္ဌာန်းထားသည့် နိုင်ငံတကာ စံနှုန်းများ၊ ကျင့်ဝတ်များ၊ ဥပဒေများကို လေးစားလိုက်နာခြင်းမရှိဘဲ ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်နေခြင်းပင်ဖြစ်သည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နယ်မြေဒေသ အသီးသီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရက်ရက်စက်စက် ရမ်းကားတိုက်ခိုက်မှုများကြောင့် စစ်ဘေးဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် တိုင်းရင်းသားပြည်သူများအပေါ် လူသားချင်းစာနာ ထောက်ထားသည့် ကူညီထောက်ပံ့မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ အမြန်ဆုံးရရှိစေရေးနှင့် စစ်ဘေးရှောင်ပြည်သူများကို မူလနေထိုင်ရာဒေသများသို့ ဘေးအန္တရာယ်ကင်းစွာ ပြန်လည်အခြေချနေထိုင် နိုင်ရေးတို့အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ထို့အတူ ကုလသမဂ္ဂ နှင့် အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းဆွေးနွေးလျက် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းကို ဝိုင်းဝန်းပူးပေါင်းဖြေရှင်းနိုင်ရေး အစွန်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

၅။ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သည့်လုပ်ရပ်များ၊ အပြစ်မဲ့ တိုင်းရင်းသားပြည်သူများအပေါ် ညှာတာမှုကင်းမဲ့စွာ အင်အားသုံးတိုက်ခိုက်မှုများ၊ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှု များကို ထိရောက်စွာ တုန့်ပြန်အရေးယူ ဟန့်တားနိုင်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နှင့်အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ ၏ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များ၊ နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာဥပဒေများကိုချိုးဖေါက်မှုများ၊ ကြီးလေးသည့် စစ်ရာဇဝတ်မှု ကျူးလွန်မှုများအပေါ် စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မှုများ အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးအပ်ပါသည်။