“ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ သတင်းထုတ်ပြန်ချက်”

၂၀၂၂ မေလ ၃ ရက်

ယနေ့ ၂၀၂၂ ခုနှစ် မေလ ၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် လူသားတိုင်း၏ အခြေခံလူ့ရပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းသိမ်းနိုင်ရန် ရင်းနှီးပေးဆပ်မှုပေါင်း များစွာဖြင့် အားထုတ်ကြိုးပမ်းနေကြသည့် ကမ္ဘာအရပ်ရပ်ရှိ သတင်းမီဒီယာများ၊ သတင်းသမားများ၊ လူထု သတင်းသမားများနှင့် သတင်းရင်းမြစ်များအားလုံးကို တလေးတစားဖြင့် ဂုဏ်ပြုအပ်ပါသည်။ သတင်းလွတ်လပ်ခွင့်သည် လွတ်လပ်ငြိမ်းချမ်းပြီး တရားမျှတမှုကိုလိုလားသော လူ့အဖွဲ့အစည်းတစ်ရပ်အတွက် မရှိမဖြစ်သောအခြေခံအုတ်မြစ် ဖြစ်သည့်အားလျော်စွာ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တရားမျှတခြင်းတို့ကို အလေးမထားသော အစုအဖွဲ့များ၏ ရန်လိုမုန်းထားမှု၊ ဖိနှိပ်ရန်ပြုမှုတို့ကိုလဲ ခေတ်အဆက်ဆက် ခံစားခဲ့ရသည့် သာဓကများစွာရှိခဲ့ပါသည်။ မျက်မှောက်ကာလ တွင်လည်း သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ရန်ပြုနေကြသည့် အစုအဖွဲ့များ၏ ခြိမ်းခြောက်မှုကြောင့် သတင်းလွတ်လပ်ခွင့် အတွက် ငြိမ်းချမ်းစွာတိုက်ပွဲဝင်ရင်း အသက်စွန့်ခဲ့ရသူများ၊ ထောင်သွင်းအကျဉ်းချခံရသူများ၊ အိုးအိမ်စည်းစိမ် ဖျက်ဆီးခံကြရသူများ၊ အိမ်ယာစွန့်ခွာခဲ့ရသူများ၏ အရေအတွက်မှာ တိုးပွားလာလျက်ရှိနေသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင်လည်း Myanmar Press Freedom In-Depth အဖွဲ့၏ စာရင်းဇယားများအရ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့အာဏာကို လုယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်၍ ယနေ့ကာလအထိ အကြမ်းဖက် စစ်ကောင်စီအနေဖြင့် သတင်းသမားစုစုပေါင်း ၁၆၆ ဦးကို ပုဒ်မ ၅၀၅ (က) အပြင် အခြားပုဒ်မများဖြစ်သည့် ပုဒ်မ ၁၁၄/ ၁၁၈/ ၄၃၆/ ၃၃၂၊ လ၀ကဥပဒေပုဒ်မ ၁၃(၁)၊ ၆၆(ဃ)၊ အကြမ်းဖက်ပုဒ်မ၊ ၁၂၄(က)၊ ၁၂၄(ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒေများဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ဖမ်းဝရမ်းထုတ်ခြင်းများပြုလုပ်ခဲ့ပါသည်။ အဆိုပါ သတင်းသမား ၁၆၆ ဦးအနက် အချို့မှာ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ၅၀ ကျော်မှာ လက်ရှိအချိန်အထိ အကျဉ်းထောင်များအတွင်း ဆက်လက်ထိန်းသိမ်း ခံနေရဆဲဖြစ်ကာ သတင်းသမား ၃ ဦးဖြစ်သည့် ကိုစိုးနိုင်၊ အေစိုင်းကေ(ခ) စိုင်းဝင်းအောင် နှင့် Pu Tuidim တို့မှာ စစ်မြေပြင်၌လည်းကောင်း၊ ဖမ်းဆီးခံရစဉ် စစ်ကြောရေး၌လည်းကောင်း ကျဆုံးခဲ့ရပြီးဖြစ်သည်။ ထို့အပြင် လိုင်စင်ပိတ်သိမ်းခံခဲ့ရသည့် မီဒီယာ စုစုပေါင်း ၁၁ ခုရှိကာ ၃ ခုမှာ ခေတ္တရပ်နားခဲ့ရသည်ဟု သိရှိရသည်။

အကြမ်းဖက်စစ်အုပ်စုသည် သတင်းမီဒီယာသမားများအပေါ် ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများပြုလုပ်ကာ သတင်းလွတ်လပ်ခွင့်ကို ထိပါးနှောက်ယှက်လျက်ရှိသလို သတင်းလွတ်လပ်ခွင့်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အင်တာနက်လွတ်လပ်ခွင့်ကိုလဲ အင်တာနက်များဖြတ်တောက်ခြင်း၊ အင်တာနက်အသုံးပြုခ များတိုးမြှင့်ကောက်ခံခြင်း၊ အင်တာနက်ဝန်ဆောင်မှု Bandwidth များလျှော့ချခြင်း၊ အင်တာနက်အသုံးပြုမှုကို ကန့်သတ်သော ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကို ထုတ်ပြန်ခြင်း စသည့် လုပ်ရပ်များဖြင့် တားဆီးပိတ်ပင် ကန့်သတ်မှုများကို နေ့စဉ်ရက်ဆက် လုပ်ဆောင်လျက်ရှိပါသည်။ အကြမ်းဖက်စစ်အုပ်စုသည် စတင်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ နေ့ မနက် ၃ နာရီမှ စတင်ကာ မွန်းလွဲ တစ်နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမဆုံးအကြိမ် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့များတွင်လည်း တစ်ပတ်အတွင်း ဒုတိယအကြိမ် အဖြစ် အင်တာနက်လိုင်းများ ထပ်မံဖြတ်တောက်ခဲ့သည်။ ယခုအချိန်အထိ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကယား(ကရင်နီ) ပြည်နယ်တို့ရှိ မြို့နယ်များကို အင်တာနက် ဖြတ်တောက် ထားပြီး စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်သော အချို့မြို့နယ်များတွင် ဖုန်းလိုင်းများပါ ဖြတ်တောက်ထားသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ် (၁၉) တွင် “ လူတိုင်းတွင်လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာဖွင့်ဟဖော်ပြခွင့်ရှိသည်” ဟု ဖော်ပြထားသည့်အလျောက် နိုင်ငံတကာအသိုက်အဝန်းမှလည်း မြန်မာနိုင်ငံတွင်း သတင်းမီဒီယာများ၊ သတင်းသမားများ နှင့် လူထုသတင်းသမားများအပေါ် အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေမှုများအပေါ် ဖိအားပေးအရေးယူနိုင်ရန် နှင့် စစ်ကောင်စီမှကျူးလွန်နေသော စစ်ရာဇဝတ်မူများအား နိုင်ငံတကာက သိရှိအရေးယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် လေးလေးနက်နက် တိုက်တွန်းလိုသည်။ အာဆီယံနိုင်ငံများတွင် သတင်းလွတ်လပ်ခွင့်နှင့်စပ်လျဉ်း၍ တင်းကျပ်သော စည်းကမ်းများ၊ အရေးယူမူများ ချမှတ်ထားခြင်းအပေါ် ပြန်လည်သုံးသပ်၍ စံတန်ဖိုးပြည့်ဝသော အာဆီယံ အသိုက်အဝန်းတရပ် ပေါ်ပေါက်လာ စေရန်လည်း တိုက်တွန်းလိုသည်။

ယခုကဲ့သို့ ဖိနှိပ်ရန်ပြုမှုများစွာ ရှိနေသည့်ကြားကပင် သတင်းလွတ်လပ်ခွင့်ကို မြတ်နိုးတန်ဖိုးထားကြသော သတင်းမီဒီယာ များ၊ သတင်းသမားများ၊ လူထုသတင်းသမားများနှင့် သတင်းရင်းမြစ်များသည် အခက်အခဲ၊ အတားအဆီး၊ အန္တရာယ် ပေါင်းများစွာကြားကပင် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်လျက်ရှိကြသည့်အတွက် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် သတင်းမီဒီယာ တိုက်ပွဲတွင် ကြီးစွာသော ရှုံးနိမ့်မှုကို ရင်ဆိုင်နေရသည့်အဖြစ်ကို သတင်းမီဒီယာများအား ဒေါသကြီးစွာဖြင့် ရိုင်းပြစွာ တုံ့ပြန်ပြောဆိုခဲ့ခြင်းက သက်သေထူလျက်ရှိပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သတင်းမီဒီယာများ၊ သတင်းသမားများ၊ လူထုသတင်းသမားများနှင့် သတင်းရင်းမြစ်များအပေါ် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသည့် ပြစ်မှုများအတွက် တရားမျှတမှုရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သလို သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းလွတ်လပ်ခွင့်ကို ကျင့်သုံးကြသူများ ထိခိုက်နစ်နာမူမရှိစေရေး ကာကွယ်နိုင်ရန် အတွက်လည်း သမိုင်းဖြစ်စဉ်များအပေါ်သင်ခန်းစာယူကာ ပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသူနိုင်ငံသားတို့၏ နွေဦးတော်လှန်ရေးနှင့် ကမ္ဘာ့သူ ကမ္ဘာသားတို့၏ တရားမျှတမှု တိုက်ပွဲများတွင် ရဲရင့်ပြတ်သားစွာ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်တို့ကို ထိန်းသိမ်းကာကွယ်နိုင်ရေး ကြိုးပမ်းခဲ့ကြသော၊ ကြိုးပမ်းလျက်ရှိကြသော ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာများ၊ သတင်းသမားများ၊ လူထု သတင်းသမားများနှင့် သတင်းရင်းမြစ်များအားလုံး၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုချီးမွမ်းရင်း မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားသော အတွေးအခေါ်များ ထွန်းကား ရှင်သန်ရေး၊ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ရန်ပြုမှုများ လျှော့ပါးပပျောက်ရေး နှင့် သတင်းလွတ်လပ်ခွင့် အပြည့်အဝ ရရှိရေးအတွက် အာမခံနိုင်သော အခြေခံအဆောက်အအုံများ စနစ်တကျ တည်ဆောက်နိုင်ရေးတို့ကို တော်လှန်ရေး အင်အားစုများနှင့်အတူ ဦးတည်ချက်ထားကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ