ကြေညာချက်အမှတ် (၉/၂၀၂၂) – မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အတိုင်ပင်ခံ အစည်းအဝေး နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြေညာချက်

၂၀၂၂ ခုနှစ်၊ မေလ ၇ ရက်

၂၀၂၂ခုနှစ် မေလ၆ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ ကျင်းပသည့် အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ရေး အတိုင်ပင်ခံအစည်းအဝေး၏ ရလဒ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရက အလွန် စိတ်ပျက်မိပြီး စိုးရိမ်ပူပန်မိပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် အာဆီယံဥက္ကဌနှင့် အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ထံသို့ ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးရန်၊ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည် ဆက်သွယ်မှုမရှိသေးပါ။ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs)/ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)တို့နှင့် ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ ကဲ့သို့သော မြန်မာနိုင်ငံ၏ အခြားအရေးပါသော သက်ဆိုင်သူများအား အတိုင်ပင်ခံအစည်းအဝေးမှ တမင်ဖယ်ထုတ် ထားပြီး ထိုသို့ဖယ်ထုတ်ထားခြင်းကြောင့် ဤအစည်းအဝေးရလဒ်သည် စစ်ကောင်စီ၏ ကိုကိုလှိုင် ဦးဆောင်သော အဖွဲ့အား အာဆီယံ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ တုံ့ပြန်မှုတွင် ဗဟိုချက်နေရာ ရရှိစေခဲ့သည်။ ထို့ကြောင့် အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးပို့မှု မူဘောင်ကို အကောင်အထည်ဖော်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် အကောင်အထည်ဖော်သူများကို ရွေးချယ်ခန့်အပ်ရန်ကိစ္စတို့ကို စစ်ကောင်စီက ဆောင်ရွက်ရေး အားပေးရာ ရောက်ပါသည်။ ထိုလုပ်ပိုင်ခွင့် ရရှိခြင်းကြောင့် ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ်ပေးပို့ခြင်းများကို အကောင်အထည်ဖော်ဆောင်နိုင်မည်မဟုတ်သည့်အပြင် စစ်ကောင်စီ ၏စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေး ယန္တရားကို ပိုမိုခိုင်မာလာစေနိုင်သည်။ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs/ERO)များအား စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ကော်မတီတွင် ပါဝင်လာစေရန် စစ်ကောင်စီက နိုင်ငံရေး လုပ်ကွက်အဖြစ် ဖိအားပေးလာနိုင်ပါသည်။

မြန်မာနိုင်ငံသားများသည် စစ်ကောင်စီ၏ တရားမဝင်အာဏာရှင်အုပ်စိုးမှုကိုအစဉ်ဆက်မပြတ် ငြင်းဆိုခဲ့သည်။ ဒီမိုကရေစီနှင့် အရပ်သားအစိုးရပြန်လည်ထူထောင်ရန် စဉ်ဆက်မပြတ် တောင်းဆိုခဲ့ကြသည်။ အမျိုးသားညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ/ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို အတိုင်ပင်ခံအစည်းအဝေးတွင် ချန်လှပ် ထားခြင်းသည် အာဆီယံအခြေခံမူငါးချက်တွင်ဖော်ပြထားသည့်မူနှင့် အခြေအနေများကို အခြေခံအားဖြင့် ဆန့်ကျင်ပါသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် စဉ်ဆက်မပြတ် ရပ်ရွာများကို အကြမ်းဖက်ဖိနှိပ်ခြင်း၊ အရပ်သားများ၊ တက်ကြွလှုပ်ရှား သူများနှင့် ဒီမိုကရေစီ ရေးလှုပ်ရှားမှုခေါင်းဆောင်များကို မတရားဖမ်းဆီးခြင်း၊ ရက်စက်ကြမ်းကြုတ်မှု များနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းတို့ကြောင့် ရပ်ရွာများလည်း အဆက်မပြတ် ပြောင်းရွှေ့ နေကြရပါသည်။

လက်တွေ့ဖြစ်ပေါ်နေသော မြေပြင်အခြေအနေများ နှင့် စစ်ကောင်စီအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ကင်းမဲ့လာခြင်းတို့ကြောင့် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထိရောက်စွာပေးပို့ခြင်းကို အဟန့်အတားဖြစ်စေပါသည်။ ယင်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကောင်စီနှင့်ပတ်သက်ခြင်းမရှိဘဲ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ အမြန်ပေးအပ်နိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော်ကွန်ရက်များကို အသုံးပြုမည်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များနှင့် အလှူရှင်များအား အသိပေး အကြောင်းကြား ထားပြီး ဖြစ်ပါသည်။ ဤသည်မှာ မအောင်မြင်သောအာဏာသိမ်းမှုနောက်ပိုင်း “လက်လှမ်းမီရန် ခက်ခဲသော” ဒေသများသို့ အကူအညီများ ပေးအပ်သည့် တခုတည်းသော နည်းလမ်းလည်းဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဆီယံခေါင်းဆောင်များနှင့် အလှူရှင်များအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖွဲ့၏ အကြံပြုချက်ဖြစ်သည့် မတူကွဲပြားသောဒေသတွင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက်များနှင့် အခြေခံကျကျ ထိတွေ့ ဆက်ဆံမှုအား တည်ဆောက်ကာ လိုအပ်နေသော အသိုက်အဝန်းအားလုံးကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရန် တိုက်တွန်းပါသည် ။

အမျိုးသားညီညွတ်ရေးအစိုးရ