“ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးသို့ တင်သွင်းသော အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်းတစ်နှစ်ပြည့် အစီရင်ခံစာ”

၂၀၂၂ခုနှစ် ဧပြီလ ၁၈ရက်

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံးကို မင်္ဂလာအပေါင်း ခညောင်း တဲ့ ပြည်သူ့အောင်ပွဲနှစ်သစ် ဖြစ်ပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ကိုယ်စားလှယ်ကြီးများကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စား တော်လှန်ရေးတစ်နှစ်တာ အောင်မြင်မှုများ၊ အခက်အခဲများနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြခွင့်ရသည့်အတွက်လည်း များစွာကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) အရ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင်ဖွဲ့စည်းခဲ့တာ ဖြစ်သည့်အတွက် ယခုဆိုရင် တစ်နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်သည့် အားလျော်စွာ အမျိုးသား ညီညွတ်ရေးအစိုးရသည် သာမန်အစိုးရများနှင့်မတူ အခက်အခဲပေါင်းများစွာကို ပြည်သူနှင့်အတူ ရင်ဆိုင်ဖြတ်သန်းရင်း အောင်မြင်မှုတွေ ရရှိအောင်လည်း ကြိုးစားခဲ့ကြပါတယ်။ ပြည်သူ့အစိုးရနှင့် ပြည်သူတစ်ရပ်လုံးဟာ အကြမ်းဖက်စစ်ကောင်စီ၏ အမျိုးမျိုးသော ဖိနှိပ်သတ်ဖြတ်မှုများကို အတူတကွရင်ဆိုင်ကြရင်း သာမန်အချိန်ကာလမျိုးမှာ မရရှိနိုင်တဲ့ အင်မတန်နီးကပ်တဲ့ စာနာမှု၊ နားလည်မှု၊ အားပေးကူညီ ဖေးမမှုတွေနဲ့ ဖြတ်သန်းခဲ့ကြတာ သမိုင်းမှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ပြည်သူ့တော်လှန်ရေး အောင်မြင်မှုများကို အစီရင်ခံရင်း၊ အခက်အခဲများ၊ ရှေ့လုပ်ငန်းစဉ်များကို ကျနော်တို့အစိုးရအဖွဲ့အနေနှင့် စစ်ရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဟူ၍ တော်လှန်ရေး ထောက်တိုင်ကြီး (၅) ခုသတ်မှတ်ပြီး လေးလေးနက်နက် စီမံ ဆောင်ရွက်လျက် ရှိသည်များကို တင်ပြလိုပါတယ်။

ပထမဦးစွာ စစ်ရေး၊ ပြည်သူ့လုံခြုံရေး၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြလိုပါတယ်။ နွေဦးတော်လှန်ရေး၏ အရေးအကြီးဆုံး အလှည့်အပြောင်းတစ်ခုလို့ ပြောလို့ရနိုင် သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် People Defence Force (PDF) ကို အစိုးရဖွဲ့စည်းပြီး တစ်လမပြည့်မီ မေလ (၅) ရက်နေ့တွင် ကာကွယ်ရေးဆိုင်ရာ မူဝါဒများနှင့်အညီ စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။ စစ်တပ်၏ရာစုနှစ် တစ်ခုနီးပါးအကြာမျှ အနိုင်ကျင့်ဖိနှိပ်မှုများကို အကြမ်း မဖက်နည်းဖြင့် ဆန့်ကျင်တော်လှန်ခဲ့ကြရာမှ နောက်ဆုံးမဖြစ်မနေ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရေး အတွက် ခုခံကာကွယ်နိုင်ရေးနည်းလမ်းကို ရွေးချယ်ခဲ့ကြခြင်းသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိမိတို့၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှုတို့ကို အကြမ်းမဖက် နည်းလမ်းဖြင့် အေးချမ်းစွာ တောင်းဆိုနေသည့် ပြည်သူလူထုသည် စစ်တပ်၏ တဖက်သတ် သတ်ဖြတ်မှုများကို ကာကွယ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းသာဖြစ်ပါတယ်။

ယခုအခါ တန်းတူညီမျှရေး၊ ဖက်ဒရယ်အရေးနှင့် စစ်အာဏာရှင်နှင့် လူမျိုးကြီးဝါဒ ဆန့်ကျင် ရေးတို့အတွက် နှစ်ပေါင်းများစွာ လက်နက်ကိုင် တော်လှန်လျက်ရှိကြသည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အသစ်ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်များ လက်တွဲညီညီ ပူးပေါင်းနိုင်ကြပြီဖြစ်ပါတယ်။ ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee) ကို ဖွဲ့စည်းပြီး စစ်ဒေသကြီး (၃) ခုဖွဲ့စည်းကာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုအသစ်များနှင့် ရှိနှင့်ပြီးတပ်မတော်များ ပူးပေါင်းကာ စစ်ဆင်ရေးနှင့် ပြည်သူ့ကာကွယ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက် နေပါတယ်။ ထို့အတူ ပြည်သူ့ စစ်မဟာဗျူဟာတပ်ဖွဲ့များဖြစ်တဲ့ ပ.က.ဖ များကိုလည်း နိုင်ငံအဝှမ်းဖွဲ့စည်းပြီး ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့များအနေဖြင့် အခြားရှိနှင့်ပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ ထောက်ပံ့ကူညီမှု ဖြင့် တစ်နိုင်ငံလုံး၏ ၁၅ % ခန့်လွှမ်းမိုးထားနိုင်နေပြီ ဖြစ်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်များသည်လည်း နိုင်ငံ၏ ၃၀ % စိုးမိုးထားသဖြင့် စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေမှာ တစ်နိုင်ငံလုံး၏ တစ်ဝက်စွန်းစွန်းသာ ကျန်ရှိပါတယ်။ မိမိတို့၏ ထိန်းချုပ်နယ်မြေများတွင် မဟာမိတ် များနှင့်အတူ မူဝါဒများချမှတ်ကာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ ပ.အ.ဖ နှင့် ပြည်သူ့ရဲတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းလျက်ရှိပြီး ပြည်သူများ၏ အသက်အိုးအိမ်များ ကာကွယ်နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ကော်မတီများ စနစ်တကျဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိနေပါတယ်။

အခက်အခဲများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် လက်နက်အပြည့်အစုံ တပ်ဆင်နိုင်ရေးမှာ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရှိနေဆဲပင်ဖြစ်ပါတယ်။ ဒါ့အပြင် မြောက်များလှစွာ သော LDF များနှင့် စနစ်တကျချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် စီမံတဲ့အခါမှာလည်း အခက်အခဲတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ကျွန်တော်တို့အနေနဲ့ မဟာမိတ်အဖွဲ့များနှင့် တက်ညီလက်ညီ ပူးပေါင်းရင်း ကျော်ဖြတ်နေကြောင်း လည်း အသိပေးတင်ပြလိုပါတယ်။

တစ်ဖက်မှာလည်း ပြည်သူ့ရင်ခွင်ကော်မတီကိုဖွဲ့စည်းကာ အကြမ်းဖက်စစ်ခေါင်းဆောင်များ လက်အောက်မှာ ဆက်လက်အမှုမထမ်းလို၊ ပြည်သူကို မသတ်ဖြတ်လိုတော့တဲ့ တပ်မတော်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ဘေးလွတ်ရာသို့ စီမံဆောင်ရွက်ပေးပြီး ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေပါတယ်။ ယခုအခါ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ (၁၀၀၀၀) နီးပါး ရှိနေပြီဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်မလာနိုင်ဘဲ အတွင်းထဲကနေ ချိတ်ဆက်တော်လှန်နေကြတဲ့ သူတွေလည်း များစွာရှိနေပြီး ၎င်းတို့ဆီကနေလည်း တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ ရရှိနေ ပါတယ်။ လက်ရှိအချိန်မှာလဲ ပြည်သူကိုသတ်ဖို့ စေလွှတ်ခံရတဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ အမှန်တရား ကို သိမြင်ပြီး နီးစပ်ရာတိုင်းရင်းသားနယ်မြေတွေ၊ PDF တပ်စခန်းတွေမှာ လက်နက်ချခိုလှုံတဲ့ အဖြစ်အပျက်တွေလည်း များစွာပေါ်ပေါက်နေပြီဖြစ်ပါတယ်။

ဒုတိယ ထောက်တိုင်ကြီးတစ်ခုဖြစ်တဲ့ နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍများကို တင်ပြလိုပါတယ်။ ဒီကဏ္ဍဟာ မိမိတို့နွေဦးတော်လှန်ရေး အောင်မြင်မှု အတွက် နိုင်ငံတကာမှ အသိအမှတ်ပြု ထောက်ပံ့ကူညီမှုများ ရရှိရေးအတွက် အသက်သွေးကြော တမျှ အရေးကြီးပါတယ်။ အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီသည် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအများစု၏ အသိအမှတ်ပြုမှုကို တရားဝင်ရရှိခြင်းမရှိသေးပါ။ မိမိတို့အောင်မြင်မှုအနေဖြင့် NUG အစိုးရကို ကိုယ်စားပြုလျက်ရှိသည့် ယခင် ပြည်သူ့အစိုးရ၏ ကိုယ်စားလှယ်သည် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအား ဆက်လက်ကိုယ်စားပြုခွင့်ကို ရရှိခဲ့ပါတယ်။ အလားတူ ဥရောပပါလီမန်၊ ပြင်သစ်ပါလီမန်တို့မှ NUG အစိုးရကို တရားဝင် အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့ကြပြီး သက်ဆိုင်ရာအစိုးရအဖွဲ့များအနေနဲ့လည်း NUG အား တစ်ခုတည်းသော အစိုးရ အဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းခဲ့ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံပေါင်း (၇) နိုင်ငံတွင် ကိုယ်စားလှယ်များ ခန့်အပ်ထားရှိကာ ကျန်နိုင်ငံများတွင်လည်း ကိုယ်စားလှယ်များ ခန့်အပ်ထားရှိနိုင်ရေး ဆက်လက်ကြိုးပမ်းလျက်ရှိပါသည်။ အာဆီယံနိုင်ငံများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန်လည်း အာဆီယံဆိုင်ရာကိုယ်စားလှယ်ကို ထားရှိဆောင်ရွက်လျက်ရှိပါတယ်။

အကြမ်းဖက်စစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှုများအားလုံးကို နိုင်ငံတကာမှ အရေးယူနိုင်ရေးအတွက်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်အတူ ဆောင်ရွက်လျက်ရှိပါတယ်။ အခြား ဆက်စပ်လုပ်ငန်းစဉ်ကြီးများဖြစ်တဲ့ စစ်ကောင်စီကို စီးပွားရေး ဒဏ်ခတ်အရေးယူနိုင်ရေး၊ ကိုဗစ်ကာကွယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရယူနိုင်ရေး၊ တော်လှန်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေရှာဖွေရေးများကိုလည်း ဝန်ကြီးဌာနများအကြား နီးကပ်စွာပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်။

အခက်အခဲများအနေဖြင့် ကမ္ဘာ့ရေးရာများ အထူးသဖြင့် ယူကရိန်းစစ်ပွဲ၏ ရိုက်ခက်မှုများ ကြောင့် အရှေ့နှင့်အနောက်နိုင်ငံများ အားပြိုင်မှုများအကြားတွင် မြန်မာ့တော်လှန်ရေးအပေါ် အာရုံစိုက်မှုများ လျော့နည်းလာသည်ကို တွေ့ကြုံနေရပါတယ်။ စစ်ကောင်စီကို နိုင်ငံတကာ ဆက်ဆံရေး ဖိအားပေးနိုင်ရေးများ ဆောင်ရွက်ရာမှာ ယခင်ထက်ပိုမို ခက်ခဲလာသည့်အတွက် အခွင့်အလမ်းများကိုလည်း စေ့စပ်သေချာစွာ ရှာဖွေလုပ်ဆောင်လျက်ရှိသည်ကို တင်ပြလိုပါတယ်။

တော်လှန်ရေး၏ တတိယထောက်တိုင်ကြီး တစ်ခုဖြစ်တဲ့ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ပြန်လည် ထူထောင်ရေးကဏ္ဍကို ဆက်လက်တင်ပြခွင့်ပြုစေလိုပါတယ်။ စီးပွားရေးကဏ္ဍဟာလည်း ပြည်သူလူထု၏ တခဲနက် ဝိုင်းဝန်းကူညီ ထောက်ပံ့မှုကြောင့် အောင်မြင်မှုများရရှိနေတဲ့ ကဏ္ဍ တစ်ရပ်ဖြစ်ပါတယ်။ စစ်ကောင်စီကို စီးဝင်နေသည့် ဝင်ငွေရပေါက်ရလမ်းများကို ဖြတ်တောက် နိုင်ရေးနှင့် ပြည်သူ့တော်လှန်ရေးအတွက် ဘဏ္ဍာငွေများ ရရှိရေးတို့အတွက် မူဝါဒများ၊ လုပ်ငန်းများ ချမှတ်ကာ စီးပွားရေးနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့်အတူ စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကော်မတီများမှလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ပထမဦးစွာ စစ်တပ်နှင့်သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ၊ လူပုဂ္ဂိုလ်များကို ဥရောပ သမ

ကန်နိုင်ငံတို့မှ အရေးယူပိတ်ဆို့စေခဲ့ပါတယ်။ စစ်ကောင်စီ၏ အဓိက ဝင်ငွေရပေါက် ရလမ်းဖြစ်တဲ့ ရေနံနှင့် သဘာဝဓါတ်ငွေ့မှ ရရှိနေသည့် ဝင်ငွေများ မရရှိနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပြီး Total နှင့် Chevron ရေနံကုမ္ပဏီကြီးများ စစ်ကောင်စီနှင့် အဆက်ဖြတ်ခဲ့ကြပါတယ်။ အလားတူ စစ်ကောင်စီ၏ ပြည်တွင်းရှိ ဆက်သွယ်ရေး၊ လူသုံးကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အသုံးမပြုစေ ခြင်းဖြင့် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်မှုဖြင့် ထိုးနှက်နိုင်ခဲ့ပါတယ်။ ထို့အပြင် ပြည်သူလူထု၏ အခွန်၊ မီတာခများ မပေးဆောင်ရေးနှင့် စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေး တို့ကိုလည်း အားသွန် ခွန်စိုက်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မိမိတို့၏ စီးပွားရေးဖိအားပေးမှုသာမက စစ်ကောင်စီကိုယ်တိုင်၏ စီးပွားရေးမူဝါဒအမှားများကြောင့် ဘဏ်လုပ်ငန်း၊ မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေလည်ပတ်မှု များနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ထိခိုက်လျက်ရှိရာ စစ်ကောင်စီ၏ ဘဏ္ဍာရေးအခြေအနေမှာ များစွာချိနဲ့ နေပြီဖြစ်ပါတယ်။

ပြည်သူလူထု၏ တော်လှန်ရေးအပေါ် ယုံကြည်စိတ်ဖြင့် ကူညီထောက်ပံ့မှုများကြောင့် နွေဦးထီမှစ၍ ငွေတိုက်စာချုပ်များ ရောင်းချခြင်းအပါအဝင် စီးပွားရေးလုပ်ငန်းများမှ အခွန်ငွေများ ပေးဆောင်ခြင်းကြောင့် ဘဏ္ဍာငွေများ ဒေါ်လာသန်းချီ၍ တော်လှန်ရေးအတွက် ရရှိအသုံးပြုနိုင်ခဲ့ပါ တယ်။ ထို့အပြင် ပြည်သူ့ဘဏ္ဍာငွေဖြစ်သည့် အမေရိကန်နိုင်ငံတွင် ထားရှိသည့် အရံဘဏ္ဍာငွေ ဒေါ်လာ (၁) ဘီလျံကို ပြည်သူလူထုအတွက် အသုံးပြုနိုင်ရေးကိုလည်း အားစိုက် ဆောင်ရွက်လျက် ရှိပါတယ်။

မူဝါဒများအနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို လမ်းညွှန်ပေးခြင်းများ၊ ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းခြင်းဆိုင်ရာမူဝါဒများ၊ ပြည်သူပိုင်မြေများ တပ်မှသိမ်းယူထားမှုများကို ပြန်လည်ရယူခြင်းဆိုင်ရာမူဝါဒများ စသည်ဖြင့် ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာနှင့် ပြည်တွင်းမှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများရယူရာတွင် တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု ရှိစေရန် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ များကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။ မိမိတို့ ပြည်သူ့တော်လှန်ရေး အင်အားစုများ၏ ထိန်းချုပ်နယ်မြေ များတွင်လည်း အခွန်ကောက်ခံမှုများ စနစ်တကျ ဖြစ်စေရန်ဆောက်ရွက်လျက်ရှိပါတယ်။

အခက်အခဲများအနေဖြင့် စစ်ကောင်စီကို ယခုထက် ပိုမို ကြပ်တည်းစေရန်ဆောင်ရွက်ရာမှာ နိုင်ငံတကာ၏ အကူအညီများ ဆက်လက်လိုအပ်လျက်ရှိပါတယ်။ ထို့အပြင် ပြည်သူ့ဘဏ္ဍာငွေများ စနစ်တကျဖြစ်စေရေး၊ တော်လှန်ရေးအတွက် ထိရောက်စွာ အသုံးပြုနိုင်ရေး၊ CDM ၊ စစ်ဘေးရှောင် ပြည်သူများ ထောက်ပံ့နိုင်ရေးတို့အတွက် အကူအညီများ များစွာ လိုအပ်လျက်ရှိပါသေးတယ်။

နောက်ထပ်စတုတ္ထထောက်တိုင်ကြီး တစ်ခုဖြစ်တဲ့ လူမှုရေး၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း များနှင့် လူသားချင်းဆိုင်ရာ အကူအညီများကဏ္ဍကို ဆက်လက် အစီရင်ခံပါရစေ။ မိမိတို့မှာ ပြည်သူ့ အစိုးရဖြစ်သည်နှင့်အညီ ပြည်သူနှင့်အတူ ဒုက္ခဆင်းရဲများကို အတူတကွခံစားရုံတင်မကဘဲ ပြည်သူ အားကူညီဖေးမရန်လည်း ကြီးမားသည့် တာဝန်တစ်ရပ်အဖြစ် ခံယူထားပါတယ်။ စစ်ဘေးရှောင် ပြည်သူများ၊ နေရပ်စွန့်ခွာရသူများ၊ CDM များ၊ နိုင်ငံရေးအကျဉ်းသားများနှင့် စစ်ကောင်စီကြောင့် ထိခိုက်ကျဆုံးရသည့် မိသားစုများကို အခက်အခဲများကြားကပင် ကျပ်ငွေ ၂.၇၆ ဘီလျံ ထောက်ပံ့နိုင် ခဲ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့လည်း Covid-19 ကပ်ရောဂါကာကွယ်ရေး အပါအဝင် အခြေခံကျန်းမာရေးကိစ္စရပ်များကို လွတ်မြောက်နယ်မြေများတွင် မဟာမိတ် EHO များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ထို့အပြင် ဖက်ဒရယ်ကျန်းမာရေး မူဝါဒများ ရေးဆွဲခြင်း၊ WHO ၊ အခြား နိုင်ငံတကာ INGO နှင့် ပြည်တွင်း NGO များ၊ CSO များ၊ EHO များနှင့်ပူးပေါင်း ချိတ်ဆက်ကာ နယ်စပ်ဖြတ်ကျော် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေး၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ ထောက်ပံ့နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

ပညာရေးအနေဖြင့်လည်း Online မှ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးမှုများအပြင် ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ ဒေသများတွင် မြေပြင်အထိ သင်ကြားရေး လုပ်ငန်းများ ဆောင်ရွက်နေနိုင်ပြီဖြစ်ကြောင်းကို တင်ပြလိုပါတယ်။

ပဉ္စမ ထောက်တိုင်ကြီးဖြစ်တဲ့ နိုင်ငံရေးနှင့် အသွင်ကူးပြောင်းရေး ကဏ္ဍကို အရေးအကြီးဆုံး တစ်ခုအနေနှင့် တင်ပြခွင့်ပြုပါ။ နိုင်ငံရေးကဏ္ဍမှာ အဓိကလုပ်ငန်းစဉ်အားဖြင့် အကြမ်းဖက် စစ်ကောင်စီကို ဖြုတ်ချနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးဟူ၍ ချမှတ် ထားပါတယ်။ လုပ်ငန်းစဉ်အားဖြင့် နှစ်ခုပင်ဖြစ်သော်လည်း အသေးစိတ်ဆောင်ရွက်ရန်များမှာ အင်မတန်မှ အရေးကြီးပြီး ကျယ်ပြန့်တဲ့လုပ်ငန်းများဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ယခုလက်ရှိ တွင်လည်း အထက်ဖော်ပြပါ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံခြားရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများပေးရေးများ အားလုံးကို မဟာမိတ်များ၊ တိုင်းရင်းသားအဖွဲ့အစည်းနှင့်အတူ နိုင်ငံရေး သဘောတူညီမှုများဖြင့် နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။ နွေဦးတော်လှန်ရေး စတင်ပြီး ယခု တစ်နှစ်ကျော်လာသည့်တိုင် တော်လှန်ရေးအရှိန်အဟုန် အားကောင်း နေခြင်းမှာလည်း နိုင်ငံရေးကဏ္ဍအောင်မြင်မှု၏ ပြယုဂ်ကြီးပင် ဖြစ်ပါတယ်။

နိုင်ငံရေးကဏ္ဍတွင် ပြည်သူလူထုသည် ပါဝင်မှု မျှသာမဟုတ်ဘဲ ၎င်းတို့၏ ဦးဆောင်မှု၊ အားပေးမှုတို့ကြောင့်သာ မိမိတို့အစိုးရ အပါအဝင် တော်လှန်ရေးအင်အားစု အားလုံးတို့ဟာ အင်အား အပြည့်နဲ့ ရှေ့ဆက်နိုင်ကြတာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုများမှ ပြည်သူ့ကိုယ်စားလှယ် များ၊ သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်များ၊ သပိတ်ကော်မတီများ၊ လူထုအခြေပြုအဖွဲ့များ၊ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၊ ပါတီများနှင့် လူပုဂ္ဂိုလ်များ အားလုံးပါဝင်သော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ဖွဲ့စည်းခဲ့ပြီး NUCC ၏ ညှိနှိုင်း ဆွေးနွေးသဘောတူညီမှုဖြင့် ဖက်ဒရယ်ချာတာအရ မိမိတို့အမျိုးသားညီညွတ်ရေး အစိုးရကို ဖွဲ့စည်း ခဲ့ပါတယ်။ ထိုအချိန်မှစ၍ မိမိတို့ပြည်သူ့အစိုးရအနေဖြင့် NUCC နှင့် CRPH တို့၏ ထိန်းကျောင်းမှု များနှင့် နိုင်ငံရေးဆွေးနွေးမှုများ သဘောတူညီမှုများ ရရှိရေးတို့ကို အားလုံးသော အင်အားစုများနှင့် အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါ စုပေါင်းခေါင်းဆောင်မှု အင်အားမှ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးသဘောတူညီမှုများနှင့် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံခြားရေးနှင့် လူထုဝန်ဆောင်မှုများကို မဟာမိတ်များအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်နိုင်လာတာ ဖြစ်ပါတယ်။ NUG အနေဖြင့် ပြည်တွင်းတွင် မဟာမိတ်များနှင့် ယုံကြည်မှု များကို တစ်နေ့တခြား ပိုမိုတည်ဆောက်နိုင်လာနေပြီဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြုမှုများ ရရှိနိုင်ရန် ဆက်လက်ကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ စစ်အာဏာရှင်ပြုတ်ကျရေးသာမက မည်သည့် အာဏာရှင်စနစ်မျိုးမှ မပေါ်ပေါက် စေရေး၊ စစ်မှန်၍ ခွင့်တူညီမျှသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက်တို့လည်း အားထုတ်ကြိုးပမ်းလျက်ရှိပါတယ်။

တက်ရောက်လာကြသော အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတနှင့် အစိုးရ အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်ကြီး များခင်ဗျာ… ကျွန်တော်တို့ ပြည်သူ့အစိုးရဟာ တိုးတောင်းလှတဲ့ တစ်နှစ်အတွင်းမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့် အခက်အခဲပေါင်းစုံကြားမှပင် သမိုင်းတွင်မည့် တော်လှန်ရေးတစ်ရပ်ကို ပြည်သူ့ကိုယ်စား ပါဝင်ဦးဆောင်ခွင့်ရနေတာ အင်မတန်မှ ဂုဏ်ယူစရာဖြစ်ပါတယ်။ ယခုအချိန်မှာ ဆိုလျှင် တိုင်းရင်းသားပြည်သူများအချင်းချင်းသာမက အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန် နားလည်စာနာမှုဟာ အမြင့်ဆုံးအခြေအနေမှာရှိနေပါတယ်။ တစ်ဖက်မှာလည်း တော်လှန်ရေးအစိုးရ ဖြစ်သည့်အားလျော်စွာ မိမိတို့အစိုးရ၏ မူဝါဒများ၊ လုပ်ငန်းများ၊ ဦးစားပေးမှုများဟာ သာမန် အချိန်မှာလိုမဟုတ်ဘဲ ကြီးမားတဲ့ အကျိုးဆက်များ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့အနေနှင့် ကိစ္စရပ်တိုင်းကို အဖက်ဖက်မှ အပြန်ပြန်အလှန်လှန် ဆွေးနွေးသုံးသပ်ကာ မူဝါဒနှင့် ဆုံးဖြတ်ချက်များ ချမှတ်လျက်ရှိကြောင်းကို အသိပေးတင်ပြလိုပါတယ်။

မိမိတို့အစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများဟာ အချိန်ကြာလာသော်လည်း အားပျော့သွားခြင်းမရှိဘဲ အင်တိုက်အားတိုက် ဆက်လက်မောင်းနှင်လျက်ရှိပါတယ်။ ပြည်သူလူထု၏ စစ်အာဏာရှင် ပြုတ်ကျရေး သန္နိဋ္ဌာန်ဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလျက် ရှိပါတယ်။ ထို့အတူ တပ်မတော်တစ်ခုရဲ့ဂုဏ်သိက္ခာကို စွန့်ပယ်ကာ အာဏာရှင်တွေရဲ့ လက်ပါးစေ ဖြစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာလည်း တစ်နေ့တခြား အင်အားနည်းပါးလာပြီဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ နွေဦးတော်လှန်ရေးဟာ ယခုနှစ် နှစ်သစ်မှစ၍ ၂၀၂၂ ခုနှစ်အတွင်းတွင် တော်လှန်ရေး၏ ကြီးမားတဲ့အချိုးအကွေ့ အောင်မြင်မှုတစ်ခုကို မလွဲမသွေ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အစိုးရအနေနှင့် ယခင်ထက်ပိုမိုအားစိုက်ပြီး ကြုံလာမယ့် အခွင့်အလမ်း ကောင်းများကို အမိအရဆုပ်ကိုင်ကာ အခက်အခဲများကို ပြည်သူနှင့်အတူ ကျော်လွှားသွားကြဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ့အစိုးရရဲ့ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် အားနည်းချက် အားသာချက်များကို စေ့စပ်သေချာစွာသုံးသပ်ကာ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးဟာ သမိုင်းတစ်လျှောက် တော်လှန်ရေးများနှင့် မတူတဲ့ ထူးခြားတဲ့ သမိုင်းဝင်တော်လှန်ရေးတစ်ရပ် ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးသာမကဘဲ ပြည်သူ တစ်ရပ်လုံးက နိုင်ငံသားအချင်းချင်း လူမျိုးဘာသာမရွေး စာနာနားလည်နေကြပြီး ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရန် အချိန်အခါ ရင့်မှည့်နေပြီဖြစ်ပါတယ်။ ဒီအချက်ကို အကြမ်းဖက် စစ်ကောင်စီကလည်း သိရှိပြီးဖြစ်တဲ့အတွက် နိုင်ငံတကာနှင့် အိမ်နီးချင်းများက မည်သို့ပင် စောင့်ကြည့်နေစေကာမူ အကြမ်းဖက်မှုများကို အတိုင်းအဆမရှိ လူမဆန်စွာ ကျူးလွန်နေတာ ဖြစ်ပါတယ်။ ၎င်းတို့အနေနှင့် ပြန်လမ်းမရှိသည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်ကာ ပြည်သူ လူထု၏ ၎င်းတို့အပေါ်ဖြစ်တည်နေသည့် အမုန်းတရားများကို အကြမ်းဖက်မှုများ၊အကြောက်တရား တို့နှင့် ဖိနှိပ်ရန်သာ ထွက်ပေါက်ရှာနေပြီဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုကိုပါ အသိပေးလိုတာ က စစ်ကောင်စီ၏ ဆတိုးအကြမ်းဖက်မှုများဟာ ကျနော်တို့ အားလုံးကို အပြင်းအထန် ထိခိုက် နေပေမယ့်လည်း ၎င်းတို့၏ အကြမ်းဖက်မှုတိုင်းဟာ စစ်အာဏာရှင်တို့ကိုယ်တိုင် ၎င်းတို့ အသက်ရှင် ရပ်တည်ရေး ထောက်တိုင်များကို တစ်ခုချင်း ဖြိုချနေကြတာဖြစ်ပြီး အဆုံးမှာ မလွဲမသွေ ပြိုကျ ပျက်စီးသွားမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်မှာ ယခု သမိုင်းတွင်မယ့် နွေဦးတော်လှန်ရေးဟာ ပြည်သူလူထု၏ အဓိက ပါဝင်ဦးဆောင်မှုဖြင့် ရှင်သန်အားကောင်းနေတာ ဖြစ်တဲ့အတွက် မိမိတို့အစိုးရအနေနှင့် ပြည်သူ့ဆန္ဒများကို ထင်ဟပ်နိုင်ရေးကို အလေးပေးကာ ပြည်သူ၏ ထိန်းကျောင်းမှုကိုလည်း အပြည့်အဝခံယူလျက်ရှိပါကြောင်း အသိပေးရင်း နိဂုံးချုပ်အပ်ပါတယ်။

“အရေးတော်ပုံ မုချအောင်မြင်နေပါပြီ”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ