
ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန(MOPFI) နှင့် Public Voice Television(PVTV) တို့ ပူးပေါင်းပြီး ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ကြီးမြတ်စွာ အသက်ပေးခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေကို ဂုဏ်ပြုမှတ်တမ်းတင်ဖို့နဲ့ ကျန်ရစ်သူမိသားစုတွေရဲ့ အစားထိုး မရတဲ့ ဆုံးရှုံးမှုအတွက် တစ်စုံတစ်ရာ ဖြေသိမ့်ပေးနိုင်ဖို့အတွက် “ဒို့ … နွေဦးသူရဲ့ကောင်းများအတွက် ငွေတိုက်စာချုပ်” အစီအစဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်နေ့ဖြစ်တဲ့ ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့မှာ စတင်လိုက်ပါတယ်။
အကြမ်းဖက်စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းမယ့် နွေဦးတော်လှန်ရေးရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်းမှာ ရင်သွေးတစ်ဦး၊ လင်ယောင်္ကျား(သို့)ဇနီးမယားတစ်ဦး၊ ဖခင်(သို့) မိခင်တစ်ဦး၊ ဆွေမျိုးသားချင်းတစ်ဦး စသဖြင့် ဆုံးရှုံးလိုက်ရတဲ့ မိသားစုတစ်စုရဲ့ ဆုံးရှုံးမှုဟာ ဘာနဲ့မှ အစားထိုးလို့မရ၊ ဖြေသိမ့်ပေးလို့မရနိုင်ပေမယ့် ကျန်ရစ်သူမိသားစုတွေရဲ့ ဘဝနောင်ရေးအတွက် စောင့်ရှောက်မှု တစ်စုံတစ်ရာပေးနိုင်ဖို့ ရင်းနှီးပေးဆပ်ခဲ့သူတို့ရဲ့ ကိုယ်စား အသက်ရှင်ကျန်ရစ်နေကြသူတွေ အားလုံးမှာ တာဝန်ရှိတယ်လို့ ခံယူပြီး ကျဆုံးခဲ့တဲ့ PDFတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို ဝိုင်းဝန်းစောင့်ရှောက်ကြရမှာက အသက်ရှင်ကျန်ရစ်ကြသူအားလုံးရဲ့တာဝန်ဖြစ်တယ်လို့ ‘Our Spring Heroes Facebook Page’ မှာ ဆိုထားပါတယ်။
ဒီခံယူချက်အတိုင်း နွေဦးတော်လှန်ရေးရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ကြီးမြတ်စွာအသက်ပေးခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် PVTV ရဲ့ Youtube Channel ဖြစ်တဲ့ youtube.com/c/pvtvmyanmar ကို ပြည်သူတွေ ကြည့်ရှုကြရာကရရှိတဲ့ ဝင်ငွေတွေထဲကနေ NUG Bond တွေကို တစ်လလျှင် (၃) ဦးနှုန်းဝယ်ယူပေးသွားမှာဖြစ်ပါတယ်။ တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ PDF တွေရဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် Bond ဝယ်ယူပေးချင်သူတွေ ရှိပါကလဲ PVTV ကိုဆက်သွယ်နိုင်ပြီး PVTV က ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနတို့နဲ့ ချိတ်ဆက်ကာ ဝယ်ယူပေးသွားမှာဖြစ်ပြီး ဝယ်ယူပေးချင်ကြသူတွေရှိပါက https://facebook.com/ourspringheroes Facebook Page ၏ Messenger မှတဆင့် ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ကျဆုံးခဲ့တဲ့ နွေဦးသူရဲကောင်းရဲ့ တော်လှန်ရေးအမည်ပါဝင်တဲ့ Bond စာချုပ်ကို အလှူရှင်ထံ ပေးပို့ပေးသွားမှာဖြစ်ပြီး NUG က Bond ငွေတွေ ပြန်လည်ထုတ်ပေးတဲ့အခါမှာတော့ ကျဆုံးခဲ့ကြရတဲ့ PDF တွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီကို ဒီငွေတွေ ရောက်ရှိအောင် MOD, MOPFI နဲ့ PVTV တို့က တာဝန်ယူ ပေးပို့ ပေးသွားမှာပါ။ ကျန်ရစ်သူမိသားစုတွေနဲ့ ချိတ်ဆက်လို့မရတာမျိုး၊ ဆက်ခံမယ့် ကျန်ရစ်သူ မရှိတာမျိုးတွေ ဖြစ်ခဲ့မယ်ဆိုရင်လဲ အဆိုပါ ငွေကို “ကျဆုံး သူရဲကောင်း” တွေနဲ့ သက်ဆိုင်တဲ့ဆောင်ရွက်မှုတစ်ခုခုမှာ ထည့်သွင်းအသုံးပြုသွားမှာဖြစ်ကြောင်းသိရပါတယ်။
တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုရာလည်းရောက်၊ သူရဲကောင်းတို့ရဲ့ ကျန်ရစ်သူ မိသားစုတွေကိုလည်း တစ်စုံတစ်ရာ စောင့်ရှောက်မှုပေးရာလည်းရောက်၊ NUG Bond ဝယ်ပြီး တော်လှန်ရေးအောင်မြင်ဖို့ တစ်တပ်တစ်အား ပါဝင်အားဖြည့်ရာလည်းရောက်တဲ့ “ဒို့ … နွေဦးသူရဲကောင်းများ အတွက် ငွေတိုက်စာချုပ်” အစီအစဉ်မှာ တတ်အားသရွေ့ပါဝင်ပေးကြဖို့ကိုလည်း အားလုံးကို ထို Our Spring Heroes Facebook Page မှာ ဖိတ်ခေါ်လို့နေ ပါတယ်။