“ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) အဖွဲ့ဝင် နိုင်ငံများ၏ (၂၇) ကြိမ်မြောက် အစည်းအဝေး (COP 27) နှင့်စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်” (၉/၂၀၂၂)


၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်

၁။       အီဂျစ်နိုင်ငံ၊ Sharm El-Sheikh မြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်မှ (၁၈) ရက် နေ့အထိ ကျင်းပမည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၇) ကြိမ်မြောက် အစည်းအဝေးနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် မြန်မာပြည်သူ တစ်ရပ်လုံး၏ကိုယ်စား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်အပ်ပါသည်။

၂။       ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်ကောင်စီက မတရား အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ တရားဥပဒေစိုးမိုးမှု မရှိသောကြောင့် သယံဇာတများအား လက်လွတ်စပယ် ထုတ်ယူမှု လွန်စွာများပြားလာပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ ရှိလာသည့်အပြင် ၎င်းတို့အာဏာ တည်မြဲရေးအတွက် သစ်တောနှင့် ကျောက်မျက်ရတနာများအပါဝင် သဘာဝသယံဇာတများကို အလွန်အကျွံထုတ်ယူ သုံးစွဲမှုများကြောင့် ရေကြီးမှု၊ မြေပြိုမှု၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု စသည့် ဘေးအန္တရာယ်များကို ယခင်ကထက် ပိုမိုကြုံတွေ့လာနေရပြီဖြစ်သည်။ မတရား အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေမှုကြောင့် ဖျက်ဆီး ခံရသည့် အိမ်ခြေပေါင်း (၃၆၀၀၀) ခန့်ရှိနေပြီဖြစ်ပြီး ၎င်းကျေးရွာပတ်ဝန်းကျင်ရှိ သစ်တော များသည်လည်း တစ်ပါတည်း မီးရှို့ဖျက်ဆီးခံနေရသည်။ ထိုကဲ့သို့ မီးရှို့ဖျက်ဆီးမှုသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို အဓိကဖြစ်ပေါ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို ပိုမိုဖြစ်စေပြီး၊ သစ်တောများ ပျက်စီးပြုန်းတီးလာမှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချသည့် ကြိုးပမ်းအားထုတ်မှုတွင်လည်း အဟန့်အတားဖြစ်စေသည်။  စစ်အာဏာရှင်များသည် ၎င်းတို့၏ အာဏာတည်မြဲရေးကိုသာ အစဉ်တစိုက်ကြိုးပမ်းလျက်ရှိသောကြောင့် နိုင်ငံ၏ရာသီဥတုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန် စိတ်ဆန္ဒမရှိကြောင်း အထင်သား ပေါ်လွင်နေပါသည်။ စစ်ကောင်စီမှ UNFCCC သို့ တင်သွင်းထားသော “အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDC)” သည်လည်း စာရွက်ပေါ်တွင် သာရှိသော အစီရင်ခံစာ သက်သက်မျှသာ ဖြစ်နေပြီး၊ တကယ့်မြေပြင်တွင် မည့်သည့် အကောင် အထည်ဖော် ဆောင်ရွက်မှုမျိုးမှ  မတွေ့ရှိရပါ။

၃။       ယခင်ခေတ်အဆက်ဆက် စစ်တပ်အာဏာရအုပ်စိုးခဲ့သော အချိန်များတွင်သာမက လက်ရှိ အာဏာသိမ်းအုပ်ချုပ်ချိန်တွင်ပါ အကြမ်းဖက်စစ်တပ်၏ ညံ့ဖျင်းလှသည့် သယံဇာတ စီမံ အုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝသယံဇာတပျက်စီးမှုများကို လေ့လာဆန်းစစ် ထားသော အစီအရင်ခံစာကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။ စစ်ကောင်စီ၏ စစ်ရေးအရ အများဆုံး ဖိနှိပ်ခံရသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တော ပြုန်တီးမှုအခြေအနေများကို ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ စောင့်ကြည့် လေ့လာထားသည့် စာတမ်းအား ယခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်နိုင်ခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင်သာမက တစ်နိုင်ငံလုံး အတိုင်းအတာအထိ ကာဗွန်ထုတ်လွှတ်မှု အခြေအနေများကို 2006 IPCC Guideline များအရ တွက်ချက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရမှ တင်ပြခဲ့သော “အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေ ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (NDC)” ကို အကောင် အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

၄။       ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း တားဆီးမှုလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် နိုင်ငံသားပြည်သူတစ်ဦးချင်း၏ ပါဝင်မှုအခန်းကဏ္ဍသည် အလွန် ပင်အရေးပါသည်။ ယခုအချိန်တွင် စစ်အာဏာရှင်၏ နည်းမျိုးစုံဖြင့် ရက်စက်ကြမ်းကြုတ်စွာ ဥပဒေ မဲ့လုပ်ဆောင်ခြင်းဒဏ်ကို ပြည်သူအများဆိုးဝါးစွာ တွေ့ကြုံခံစားနေရသည်။ ထိုသို့ တွေ့ကြုံရသော် လည်း ပြည်သူများသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ နယ်မြေစိုးမိုးမှု ရရှိသော ဒေသများ ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများသာမက ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း တားဆီးမှု လုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ကြိုးစားပူးပေါင်း လုပ်ဆောင်လျက် ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည်လည်း နယ်မြေစိုးမိုးမှုရရှိသော ဒေသများနှင့် တိုင်းရင်း သားတော်လှန်ရေးအင်အားစု ဒေသများတွင် သစ်ပင်များ ပြန်လည် စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကျဆုံးသွားသည့် တော်လှန်ရေး သူရဲကောင်းများအား ဂုဏ်ပြုသည့်အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးအသီးတွင် သစ်မျိုးစုံ ပျိုးပင် (၅၀၀၀) ကျော်ခန့် စိုက်ပျိုးခဲ့ပြီး၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့များတွင် တစ်နိုင်ငံလုံးရှိ သန်း (၅၀) သော ပြည်သူများမှလည်း ကျဆုံးသွားသည့်သူရဲကောင်းပြည်သူများအား ရည်စူး၍ ပြုလုပ်သည့် ဂုဏ်ပြုသစ်ပင် စိုက်ပျိုးခြင်း များတွင် ပါဝင်ခဲ့ကြပါသည်။  ထို့အပြင် အသိပညာပေး ဟောပြောမှုများ အနေဖြင့် လစဉ်ဆွေးနွေးပွဲ (၆) ကြိမ်နှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၊ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပွဲများကိုလည်း  ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပခဲ့ပါသည်။

၅။       ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် သစ်တောဖုံးလွှမ်းမှုဧရိယာအများစုသည် တိုင်းရင်းသားတော်လှန်ရေးအင်အားစု နယ်မြေ များတွင် ရှိသည်ဖြစ်ရာ NDC ကို အကောင်အထည်ဖော်ရာတွင်  တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါပေသည်။ ထို့ကြောင့် တိုင်းရင်းသားတော်လှန် ရေးအင်အားစုများနှင့် ပူးပေါင်း၍ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေး အတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအစဉ်များကိုသာမက သစ်တောများ အပါအဝင် သဘာဝ သယံဇာတများ စနစ်တကျထုတ်ယူအသုံးပြုရေးနှင့် ဒေသခံများ ပူးပေါင်းပါဝင်သည့် ကာကွယ် ထိန်းသိမ်းခြင်းလုပ်ငန်းများကိုပါ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ညှိနှိုင်း လုပ်ဆောင်လျက်ရှိပါသည်။

၆။       အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုအခါ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေး ကြိုးပမ်းလျှက်ရှိရာ ဌာနေတိုင်းရင်းသားနှင့် ဒေသခံပြည်သူများတို့၏ပါဝင်မှု အခန်းကဏ္ဍကို အလေးထားကာ ယခင်နှစ်က ထုတ်ပြန်ထားသော NDC ကို  အရပ်ဖက်အဖွဲ့အစည်း များ၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ၊ ဌာနေတိုင်းရင်းသား အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ပြန်လည်ရေးဆွဲသွားနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ အဆိုပါ ကိစ္စရပ်အတွက် အရပ်ဖက်အဖွဲ့ အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၊ ဌာနေတိုင်းရင်းသား အဖွဲ့အစည်းများနှင့် လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် MORNEC အနေဖြင့် ဖိတ်ခေါ်အပ်ပါသည်။

၇။      သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အတူတကွ အကျပ်အတည်း အခက်အခဲများကို  ရင်ဆိုင်ကျော်လွှားကာ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်သစ်များအတွက် ရေရှည်တည်တံ့၍ ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသော ပတ်ဝန်းကျင် ရရှိစေရန် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးလုပ်ငန်း အစီအစဉ်များ ကို အရပ်ဖက်အဖွဲ့အစည်း၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကြားကာလအတွင်း ဆောင်ရွက်နိုင်သမျှ အကောင်းဆုံး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ