“ အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းမှ တိုက်ခိုက်နေခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်” (၁/၂၀၂၃)


၁၃၈၄ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက်

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁။       အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားလုယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ပြီး တိုင်းရင်းသားလူမျိုးများအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးအပေါ် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုများ၊ ကျေးရွာလုံးကျွတ် မီးရှို့ ဖျက်စီးခြင်းများ၊ ပြည်သူလူထု၏ ချွေးနှဲစာ အခွန်ဘဏ္ဍာငွေများမှ ရရှိသည့် ငွေကြေးဖြင့် ဂျက်လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူကာ လေကြောင်းတိုက်ခိုက်မှု များကို နိုင်ငံအနှံ့တွင် ကျူးလွန်လျက်ရှိပါသည်။  

၂။       ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်၍ အရပ်သားပြည်သူများစွာကို သတ်ဖြတ်ခဲ့သော အကြမ်းဖက်စစ်ကောင်စီသည် ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ် တည်ရှိရာ Camp Victoria စခန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်၊  ညနေ၄း၃၀ နာရီခန့် တွင် တစ်ကြိမ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့၊  ညနေ၄း၀၀ နာရီခန့်တွင် တစ်ကြိမ်  သာလွန်အင်အားသုံးလျက် တိုက်လေယာဉ် များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ချင်းအမျိုးသားတပ်ဦးမှ တပ်ဖွဲ့ဝင်(၅)ဦး ကျဆုံးခဲ့သည့် အတွက် အထူးဝမ်းနည်း ကြေကွဲရပါကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် ချင်းပြည်သူ လူထု တစ်ရပ်လုံးနှင့် အတူ ထပ်တူ စာနာခံစားရပြီး လိုအပ်သည့် လူသားချင်းစာနာမှုအကူအညီ များကို ပံ့ပိုးပေးလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ ချင်းပြည်နယ် နည်းတူ အခြားသောဒေသ အသီးသီး တွင် စစ်ကောင်စီ၏ လူမဆန်သည့် အကြမ်းဖက်မှုအမျိုးမျိုးကြောင့် ထိခိုက်ဆုံးရှုံးမှု မျိုးစုံ ခံစား နေကြရသည့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် တသားတည်းရပ်တည်၍ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ရန် မမှိတ် မသုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြောကြားလိုပါသည်။

၃။       လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင် တင်းတင်း ကျူးလွန်ချိုးဖောက်လျက် အပြစ်မဲ့တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် တို့ကို ဖျက်ဆီးကာ ပြည်သူ့ပိုင်ဆိုင်မှုများကို လုယက်ခိုးယူနေသော အကြမ်းဖက် စစ်ကောင်စီသည် Camp Victoria စခန်းကို လေကြောင်းဖြင့် တိုက်ခိုက်ရာတွင်လည်း ကလေးငယ်များ၊ အမျိုးသမီးများရှိရာ မိသားစုလိုင်းခန်းများနှင့် ဆေးရုံဆေးခန်းများ၊ ဆေးပစ္စည်း သိုလှောင်သည့် နေရာ များကို ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြည်သူ့အစိုးရတစ်ရပ် အနေဖြင့် ပြင်းထန်စွာ ရှုတ်ချ ပါသည်။

၄။       အကြမ်းဖက်စစ်ကောင်စီက ယင်းကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများကို ထပ်တလဲလဲ ကျူးလွန်နေခြင်းကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်စစ်ဘေးရှောင်ပြည်သူများ တစ်နေ့ထက်  တစ်နေ့ ပိုမို တိုးပွားလျက်ရှိပြီး   လူသားချင်းစာနာမှု အကူအညီများမှာလည်း  အရေးတကြီး လိုအပ် လျက်ရှိပါသည်။ အဆိုပါအကူအညီများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လူသားချင်း စာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လက်တွဲ၍ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ အရပ်သား ပြည်သူများကို ထိရောက်စွာကာကွယ်ပေးနိုင်ရေးအတွက် လူသားချင်းစာနာမှု အကူအညီ များကို လုံလောက်စွာ ကူညီထောက်ပံ့နိုင်ရန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်အောင် အဘက်ဘက်မှ လုပ်ဆောင်ပေးရန်နှင့် ထိရောက်သော လေကြောင်းရန် ကာကွယ်ရေး အစီအမံ များအတွက် လက်တွဲ ကူညီ ပံ့ပိုးပေးကြပါရန် မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်း များကို အလေးအနက် တိုက်တွန်းအပ်ပါသည်။

လူသားချင်း စာနာထောက်ထားရေးနှင့်

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေး အစိုးရ