“ မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကာကွယ်နိုင်ရေးအတွက် လေယာဥ်ဆီများ ကန့်သတ်ပိတ်ဆို့အရေးယူနိုင်ရန် တောင်းဆိုမှု(၃/၂၀၂၃)”

၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများအား ဦးတည်ချက်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို မြန်မာပြည်အနှံ့ အပြားတွင် ကျူးလွန်လျက်ရှိပါသည်။ စစ်လေယာဥ်မှူးများနှင့် ၎င်းတို့ကို ညွှန်ကြားစေခိုင်းသည့်စစ်အရာရှိများသည်စာသင်ကျောင်းများနှင့် ဆေးရုံများကို ဦးတည်ချက်ထား ရမ်းကားပြီးကြောင်းကျိုးဆီလျော်မှုမရှိသည့်တိုက်ခိုက်မှုများကိုကျူးလွန်နေခြင်းသည်သိသာထင်ရှားသောစစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်စုအပေါ်ကျူးလွန်နေသည့် ရာဇဝတ်မှုများ ဖြစ်ပါသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက် အမှတ် (၂၆၆၉) တွင် အကြမ်းဖက်စစ်အုပ်စု အနေဖြင့် ပြည်သူလူထု နှင့် ပြည်သူပိုင် အဆောက်အအုံများ (ပညာရေး၊ကျန်းမာရေး၊လျှပ်စစ်ဓာတ်အားဖြန့်ချိရေးဆိုင်ရာ အဆောက်အအုံများ နှင့် ဆက်စပ် အဆောက် အအုံများ)နှင့်စီးပွားရေးနှင့်အများပြည်သူပိုင် အဆောက် အအုံများ အပေါ်တွင် ကျူးလွန် လျက်ရှိ သည့် အကြမ်းဖက်တိုက်ခိုက်မှုများအားအထူးစိုးရိမ်မိကြောင်း ဖော်ပြထားပါသည်။ အဆိုပါ အကြမ်းဖက်မှုနည်းလမ်းပေါင်းစုံကိုလည်း ချက်ခြင်းရပ်တန့်ရန် တောင်းဆိုထားပါသည်။

မိမိတို့ အနေနှင့် အဆိုပါဆုံးဖြတ်ချက်အား ကြိုဆိုပါသည်။ စစ်အုပ်စု၏ စစ်လေယာဥ်ဆီများဝယ်ယူရရှိနေခြင်းကို တားဆီးပိတ်ပင်နိုင်ရေးအတွက် ထိရောက်မှုရှိသော အ‌ရေးယူပိတ်ဆို့မှုများ ပြုလုပ်ပေးပါရန် အမျိုးသား ညီညွတ်ရေးအစိုးရမှ မြန်မာပြည်သူများကိုယ်စား တောင်းဆိုအပ်ပါသည်။ အဆိုပါအရေးယူမှုသည် မြန်မာပြည်သူလူထု၏ ထောင်ပေါင်းများစွာသော အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်လိမ့်မည် ဖြစ်ပါသည်။

စစ်အုပ်စု၏ လေယာဥ်ဆီများ ဝယ်ယူရရှိနေမှုကို ထိထိရောက်ရောက်တားဆီး ပိတ်ပင်မှုများ ပြုလုပ်ရေး အား ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူရေးအဖွဲ့များ အနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထု အတွက် မဖြစ်မနေ ဆောင်ရွက်ပေးသင့်ပါသည်။

အကြမ်းဖက်စစ်အုပ်စု ၏ ပြည်သူလူထုအပေါ် သွေးချောင်းစီးသည့် အကြမ်းဖက်လုပ်ရက်များကို ဆက်လက် လုပ်ဆောင်နိုင်နေစေသည့် အရင်းအမြစ်များအား မဖြစ်မနေ ဖြတ်တောက် အရေးယူရမည် ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ