” ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ USA Indiana ပြည်နယ်၏မြို့တော် Indianapolis တွင် ကျင်းပသော (၇၅) ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခြင်း “

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့

လေးစားအပ်ပါသော USA Indiana ပြည်နယ်ရှိ ချင်းပြည်သူလူထုများ၊ Chin Community of Indiana၊ Chin Baptist Churches of USA (CBC-USA)၊ Burma Advocacy Group of USA ခေါင်းဆောင်များ၊ US Indiana ပြည်နယ် Senator လွှတ်တော်ကိုယ်စားလှယ် Senator Todd Young နှင့်တကွ Indiana ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်မှူးများအားလုံး မင်္ဂလာပါ။ (၇၅)ကြိမ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် ဖိတ်ကြားသည့်အတွက် အထူးကျေးဇူးတင်ပါသည်။ USA Indiana ပြည်နယ်ကို မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် အမွှာပြည်နယ် ဖြစ်လာအောင် ကြိုးစား ပူးပေါင်းဆောင်ရွက်ပေးခြင်းကြောင့်လည်းကောင်း၊ BURMA Act ဥပဒေကို NDAA ဥပဒေတွင် အတည်ပြုရာမှာ အဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်ပေးခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်ပြီး UN Security Council Resolution ဆုံးဖြတ်ချက် ကျနိုင်ဖို့ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးခြင်းကြောင့်လည်းကောင်း၊ US အစိုးရအဖွဲ့အစည်းများ၊ US အစိုးရမဟုတ်သော အဖွဲ့အစည်းများမှတဆင့် မြန်မာပြည်သူလူထုများ၊ Refugee/IDP များ၊ CDM များ၊ PDF/CDF များ၊ EROs များ၊ CRPH၊ NUG နှင့် NUCC များအား ကူညီပံ့ပိုးပေးသည့်အတွက်လည်ကောင်း အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဘုရားသခင် ကောင်းချီးပေးပါစေကြောင်း ပြောကြားလိုပါသည်။

USA ရှိ ဘိုးဘွားများက ရာစုနှစ်ပေါင်းများစွာ ဖက်ဒရယ် ဒီမိုကရေစီ၏ တန်ဖိုးကိုယုံကြည်ပြီး ၄င်းတန်ဖိုးများကို အသက်သွင်းကာ ၄င်းတန်ဖိုးများနှင့်အတူ အမြဲတမ်းရပ်တည်သကဲ့သို့ ယနေ့ အမေရိကန်ပြည်‌ထောင်စု ပြည်သူများသည်လည်း ရဲရင့်သတ္တိရှိသော မြန်မာပြည်သူလူထုကြီးနှင့်အတူ ဤအမှောင်ဆုံးသောကာလမှာ အတူတကွ ရပ်တည်ပေးသောကြောင့် အထူးကျေးဇူးတင်ရှိပါသည်။ ရဲရင့်သတ္တိရှိသောမြန်မာပြည်သူလူထုကြီး၏ ဖက်ဒရယ်ဒီမိုကရေစီအတွက် ပေးဆပ်ခြင်းနှင့် သစ္စာရှိခြင်းသည် ခိုင်မာလှပြီး နှစ်ပေါင်း(၇၅)အတွင်း ရက်စက်ကြမ်းကြုတ်သော အာဏာရှင်စနစ်ကပင်လျင် မြန်မာပြည်သူလူထုကြီး၏ ဖက်ဒရယ်ဒီမိုကရေစီစိတ်ဓာတ်ကို မဖျက်စီးနိုင်ပါ။ (၇၅)ကြိမ်မြောက် ချင်းအမျိုးသားနေ့သည် (၇၆) ကြိမ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုသောနေ့နှင့် တိုက်ရိုက် ဆက်စပ်နေပြီး ပင်လုံစာချုပ်သည် ဗြိတိသျှအုပ်ချုပ်‌ရေးမှ မြန်မာနိုင်ငံလွတ်လပ်ရေးကို အသက်သွင်းပေးသော သမိုင်း၀င်စာချုပ်ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ချင်းအမျိုးသားနေ့သည် မြန်မာ့လွတ်လပ်ရေးစာချုပ်ဖြစ်သည့် ပင်လုံစာချုပ်ကြီး၏ ဖက်ဒရယ်ဒီမိုကရေစီ ကတိက၀တ်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပေါ်ပေါက်လာခဲ့ပါသည်။ လွန်ခဲ့သော (၇၅)နှစ်အတွင်း ပင်လုံစာချုပ်ကြီးကို ချင်းပြည်နယ်တွင် အကောင်အထည်ဖော်ခဲ့လျှင် ချင်းပြည်နယ်သည် USA တွင် ဖက်ဒရယ် ပြည်နယ်တစ်ခုဖြစ်သော Indiana ပြည်နယ်ကဲ့သို့လည်းကောင်း၊ ကမ္ဘာ့အလယ်တွင် အချမ်းသာဆုံး ဒေသတစ်ခုဖြစ်လာသော ဟောင်ကောင် (Hong Kong) ကဲ့သို့လည်းကောင်း၊ လွတ်လပ်သော မြို့နိုင်ငံအဖြစ် ယနေ့ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ တစ်ခုဖြစ်လာသည့် စင်ကာပူနိုင်ငံ (Singapore) ကဲ့သို့လည်းကောင်း ဖြစ်နိုင်ချေ အပြည့်အဝရှိသော်ငြားလည်းပဲ (၇၅)နှစ်အတွင်း ပင်လုံစာချုပ်ကို ချင်းပြည်နယ်တွင် အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းနှင့် ခေတ်အဆက်ဆက် အာဏာရှင်တို့၏ ရက်စက်ယုတ်မာခြင်းကြောင့် ယနေ့ချင်းပြည်နယ်သည် မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးသောပြည်နယ်ဖြစ်လာပြီး မြန်မာနိုင်ငံသည်လည်း ကမ္ဘာမှာ အဆိုးရွားဆုံးဖြစ်သည့် မြောက်ကိုရီးယား(North Korea) ထက် ပိုမိုဆိုးရွားသော အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါသည်။ (၇၅)ကြိမ်မြောက် ချင်းအမျိုးသားနေ့သည် အမှန်စင်စစ်ပြောရမည်ဆိုလျင် ပင်လုံစာချုပ်၏ ကတိကဝတ်များဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသောနေ့၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရသောနေ့နှင့် ကိုယ့်ကံကြမ္မာကိုယ့်ဖန်တီးခွင့်ရသောနေ့ အထိမ်းအမှတ်ဖြစ်သော်ငြားလည်းပဲ လက်တွေ့မှာမူ (၇၅)နှစ်အတွင်း ချင်းပြည်နယ်သည် ပင်လုံစာချုပ်ပါအခွင့်အရေးများအားလုံးကို ဆုံးရှုံးသွားပြီး ယုတ်မာသော အာဏာရှင်များ၏ နည်းအမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခြင်းကိုသာ ခါးစီးခံခဲ့ရပါသည်။ ချင်းပြည်နယ်သည် ကိုလိုနီခေတ်မတိုင်ခင်ကတည်းကပင် သူ့စော်ဘွားနှင့်သူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ့်ဖန်တီးခွင့် အပြည့်အဝဖြင့် ရာစုနှစ်ပေါင်းများစွာနေလာခဲ့သော ပြည်နယ်ဖြစ်ပြီး ချင်းသမိုင်းတွင် ဗြိတိသျှအုပ်ချုပ်ရေးကလွဲပြီး အခြားပြင်ပမှ အုပ်ချုပ်ခြင်း မရှိခဲ့ပေ။

သို့သော် အာဏာရှင်များ၏ ရက်စက်ယုတ်မာခြင်းကြောင့် ချင်းပြည်နယ်သည် ပင်လုံစာချုပ်ပါ အခွင့်အရေးအားလုံးကို ဆုံးရှုံးသွားခဲ့ပြီး ယနေ့တွင် မြန်မာနိုင်ငံ၏ တရားဝင် အဆင်းရဲဆုံးပြည်နယ်ဖြစ်လာသည်သာမက အာဏာရှင်များ၏ လူမျိုးတုံး တိုက်ခိုက်ခြင်းကြောင့် ချင်းလူမျိုးများသည် လူမျိုးတုံးနိုင်ခြေရှိသည့် အနေအထားကို ရောက်ရှိနေပြီဖြစ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီ အနှစ်သာရအားလုံးကို ဆုံးရှုံးသွားအောင် တိုက်ခိုက်သည်သာမက ချင်းလူမျိုးများ လူမျိုးတုံးအောင် တိုက်ခိုက်လာသည့် အလွန်ရက်စက်ယုတ်မာသော အာဏာရှင်များကို ခေတ်အဆက်ဆက်တော်လှန်လာခဲ့သော ဘိုးဘွားများ၊ ချင်းအမျိုးသား သူရဲကောင်းများအားလုံး၏ ရဲရင့်သောသတ္တိကိုလည်း လေးစားစွာဖြင့် အလေးပြုအပ်ပါသည်။ လွန်ခဲ့သော (၇၅)နှစ်အတွင်း ဆုံးရှုံးသွားသည့် ဖက်ဒရယ်ဒီမိုကရေစီအရေးနှင့် ချင်းပြည်လွတ်လပ်ရေးကိုပြန်ရဖို့ရန်အတွက် ဘိုးဘွားမိဘခေတ်ကတည်းက တော်လှန်လာခဲ့သော အာဏာရှင်အမြစ်ပြတ်တော်လှန်ရန် သမိုင်းပေးသောတာ၀န်သည် ယနေ့ ကျွန်တော်တို့လက်ထဲသို့ ရောက်ရှိလာပြီဖြစ်သည်။ သမိုင်းကပေးအပ်လာသော ဤတာဝန်ကို မပျက်မကွက်ထမ်းဆောင်ရန် လိုအပ်ပါသည်။

ဤတော်လှန်ရေးကြီးသည် ကျွန်တော်တို့ ခေတ်အတွက်သာမက နောင်လာနောင်သား သားစဉ်မြေးဆက်များအားလုံးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ့်ဖန်တီးခွင့်ကိုပေးမည့် ဖက်ဒရယ်ဒီမိုကရေစီ အပြည့်အဝရရှိနိုင်ရန်အတွက် တော်လှန်ရေးကြီးဖြစ်သောကြောင့် တန်ဖိုးကြီးလှပြီး တာဝန်လည်းကြီးလှပါသည်။ ရက်စက်ယုတ်မာသော အကြမ်းဖက်စစ်အာဏာရှင်များသည် လွန်ခဲ့သော (၂၄)လအတွင်း အပြစ်မဲ့ပြည်သူလူထုအပေါ် အကြိမ်ပေါင်း(၉)ထောင်ထက်မနည်း အကြမ်းဖက်တိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူလူထု (၃)ထောင်ထက်မနည်း အသက်များဆုံးရှုံးသွားခဲ့ရပါသည်။ ဒီမိုကရေစီနည်းနဲ့ လူထုရွေးကောက်တင်မြောက်ထားသောသမ္မတကြီးဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ‌ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အပြစ်မဲ့ပြည်သူလူထု (၂)သောင်းကျော်ကိုလည်း မတရားဖမ်းဆီးချုပ်နှောင်ခြင်းထားပြီး လူနေအိမ်၊ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းအပါအ၀င် ပြည်သူလူထု၏ အိုးအိမ်ပေါင်း (၅)သောင်းကျော်ကို ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက် မီးရှို့ဖျက်စီးခြင်းများပြုလုပ်ခဲ့ပါသည်။ နေ့စဉ် လူ့အခွင့်အရေးချိုးဖောက်ခြင်းများစွာနှင့်အတူ စစ်ရာဇ၀တ်မှူကို ကျူးလွန်လျက်ရှိပါသည်။ အကြမ်းဖက်စစ်အာဏာရှင်များသည် မြန်မာပြည်သူလူထုအပေါ် စစ်ကြေငြာပြီး ရက်စက်ယုတ်မာစွာ လူမဆန်အကြမ်းဖက်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု (၁.၆)သန်းထက်မနည်း ဒုက္ခသည်ဘ၀မှာ ဆင်းရဲနွမ်းပါးမှူပေါင်းများစွာ ခံစားနေရပါသည်။ ၂၀၂၀ခုနှစ်မှာ လူဦးရေ (၁)သန်းအောက် လူသားချင်းစာနာထောက်ထားရေးအကူအညီ လိုအပ်သည်မှ ယနေ့ ၂၀၂၃ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ (၁၇)သန်းကျော်သည် အငတ်ဘေးနှင့် ရင်ဆိုင်နေရပြီး လူသားချင်းဆိုင်ရာ စာနာထောက်ထားရေးအကူအညီများ မြောက်များစွာလိုအပ်နေသည့် အခြေအနေကို ဆိုးရွားစွာရောက်ရှိလာခဲ့ပါသည်။

မြန်မာနိုင်ငံလူဦးရေတဝက်ခန့်သည် အလွန်ဆင်းရဲနွမ်းပါးမှုအောက်အခြေအနေကို ရောက်ရှိနေပြီး မြန်မာပြည်သူ (၃)ယောက်တွင် (၁)ယောက်မှာ ငတ်မွတ်ခေါင်းပါးနေသည့်အခြေအနေသို့ ကျရောက်နေပြီး တစ်တိုင်းပြည်လုံး အလွန်ဆိုးရွားသောဒုက္ခကို ခံစားနေရပြီဖြစ်ပါသည်။ အကြမ်းဖက်စစ်အာဏာရှင်များသည် စစ်လက်နက်သာမက ငတ်မွတ်ခြင်း၊ ခေါင်းပါးခြင်း၊ ရောဂါနှင့် ဆင်းရဲဒုက္ခပေါင်းများစွာကို လက်နက်သဖွယ်အသုံးပြုပြီး မြန်မာပြည်သူထူထုကို အကြမ်းဖက် တိုက်ခိုက်လျက်ရှိပါသည်။ ယူကရိန်းပြည်သူလူထုများသည်လည်း မြန်မာပြည်သူလူထုနည်းတူ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲ၀င်နေပါသည်။ အမှန်စင်စစ်ပြောရမည်ဆိုလျင် မြန်မာ့အရေးသည် အာရှတိုက်၏ ယူကရိန်းအရေးဖြစ်ပါသည်။ ထို့ကြောင့် မြန်မာပြည်သူလူထုနှင့် ယူကရိန်းပြည်သူလူထုသည် လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး၏ ‌ရှေ့မှာ တစ်ညီတစ်ညွတ်တည်း ရပ်တည်နေပြီး ယူကရိန်းပြည်သူလူထုများသည် ဥရောပတိုက်မှာ လွတ်လပ်ရေးနှင့် ဒီမိုကရေစီအ‌ရေးအတွက် တိုက်ပွဲ၀င် တော်လှန်နေသကဲ့သို့ မြန်မာပြည်သူလူထုများသည်လည်း အာရှတိုက်မှာ လွတ်လပ်ရေးနှင့် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲ၀င်ပြီး အလွန်ဆိုးရွားသော စစ်အာဏာရှင်များကို တော်လှန်နေပါသည်။ အရေးတော်ပုံအောင်ပွဲသည် မြန်မာပြည်သူလူထုနှင့် ယူကရိန်းပြည်သူလူထုတို့၏လက်ထဲမှာ ရောက်ရှိနေပြီဖြစ်ပါသည်။ ချစ်ခင်လေးစားအပ်ပါသော ပြည်သူလူထုများ၊ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ် Senator Todd Youngနှင့်တကွ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်မှူးများ၊ အရာရှိများ ခင်ဗျာ။ မြန်မာ့နွေဦးတော်လှန်ရေးကို အမြန်ဆုံး အောင်မြင်ပြီး စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ပြတ်ချေမှုန်း၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ်ကို အမြန်ဆုံး တည်ဆောက်နိုင်ရန်အတွက် အားလုံး၏ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်လက်အကူအညီပေးခြင်း၊ ဆုတောင်းခြင်း၊ ထောက်ခံအားပေးခြင်းများကို လိုအပ်လျှက်ရှိပါသည်။ အထူးသဖြင့် လိုအပ်နေသည်မှာ Burma Act/NDAA ဥပဒေပါ အချက်(၈)ချက်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UN Security Council)၏ ဆုံးဖြတ်ချက်(၁၀)ချက်နှင့် ASEAN ၏ ဆုံးဖြတ်ချက် (၅)ချက်များဖြစ်သည့် စုစုပေါင်း (၂၃)ချက်ကို မြန်မာနိုင်ငံတွင် အမြန်ဆုံး ဘက်ပေါင်းစုံမှ လက်တွေ့အကောင်အထည်ဖော်ရန်အတွက် အလွန်လိုအပ်နေပါသည်။ သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အထက်ပါအချက် (၂၃)ချက်ကို မြန်မာမြေပြင်တွင် အကောင်အထည်ဖော်ခြင်း ပျက်ကွက်ခဲ့လျှင် ချင်းသမိုင်းတွင် ပင်လုံစာချုပ်ပါ အချက်များအားလုံးကို (၇၅)နှစ်အတွင်း အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းကြောင့် ခံစားခဲ့ရသော နောက်ဆက်တွဲပြဿနာများကဲ့သို့ ထပ်မဖြစ်ရလေအောင် ဂရုတစိုက်ပူးပေါင်း ဆောင်ရွက်ကြရန် အလွန်အရေးကြီးလှပါသည်။ ဤအချက်(၂၃)ချက်ကို အကောင်အထည်ဖော်ခြင်းပျက်ကွက်မှု၏ဒဏ်ကို မြန်မာနိုင်ငံသည် လုံး၀ခံနိုင်မည်မဟုတ်ပါ။ ချစ်ခင်လေးစားအပ်ပါသော မိတ်ဆွေများ၊ ညီအစ်ကိုမောင်နှမများ ခင်ဗျာ။ ဤအရာများကို ရှင်းရှင်းလင်းလင်းဖြစ်စေချင်ပါသည်။ ချင်းပြည်နယ်၏ အနာဂတ်သည် ချင်းပြည်သူလူထုများ၏ လက်ထဲတွင်ရှိပြီး ချင်းပြည်သူလူထုကြီး၏ အနာဂတ်သည် ချင်းပြည်သူလူထုများ၏ အသက်ရှင်သောထာ၀ရဘုရားကို ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ဆုတောင်းခြင်းအပေါ်မှာ များစွာ မူတည်နေပါသည်။ USA တက္ကသိုလ်တစ်ခုဖြစ်သော Asbury University မှာ နိုးထမှုဖြစ်နေသည်ကို များစွာခွန်အား ယူမိပါသည်။ ထိုကဲ့သို့သော နိုးထမှု(Revival) သည် ကျွန်တော်တို့၏ Generation Z အကြားမှာလည်း ရှိလာနိုင်ရန်အတွက် ဆုတောင်းကြပါရန်နှင့် ဖြစ်နိုင်လျှင် တနေ့(၂၄)နာရီမှာ အနည်းဆုံး(၁)နာရီအချိန်ယူပြီး ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းအတွက် အသက်ရှင်သောထာ၀ရဘုရားထံ ဆုတောင်းဆက်ကပ်ကြပါရန် အလေးအနက်တိုက်တွန်းလိုပါသည်။ ချင်းပြည်သူလူထုများ ဘုရားကိုယုံကြည်ခြင်း အားကောင်းလေလေ ဘုရားပြင်ဆင်ပေးထားသော ကြီးမားသည့်အနာဂတ်နှင့် နီးလေလေဖြစ်ပြီး ဘုရားနှင့်အတူ ရှေ့သို့ဆက်လက် ချီတက်လျှင် အောင်ပွဲသည် မနီးမဝေးမှာ ချင်းပြည်သူလူထုကို စောင့်မျှော်နေပါသည်။

အကောင်းသည် အဆိုးကို အနိုင်ယူပြီး အလင်းသည် အမှောင်ကို ဖြိုခွင်းသကဲ့သို့ ရက်စက်ယုတ်မာသော စစ်အာဏာရှင်စနစ်ဆိုးကြီးကို ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို အပြည့်အ၀ပေးသော ဖက်ဒရယ်ဒီမိုကရေစီစနစ်က အမြစ်ပြတ်ချေမှုန်းမည်ဖြစ်သည်။ Indiana ပြည်နယ်နှင့် ချင်းပြည်နယ်သည် ပြည်နယ်အမွှာ အပြည့်အဝ ဖြစ်လာပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မျှော်လင့်နေပါသည်။ Burma Act/NDAA ဥပဒေပါ အချက် (၈)ချက်၊ UN Security Council ဆုံးဖြတ်ချက် (၁၀) ချက်၊ ASEAN ဆုံးဖြတ်ချက် (၅)ချက်များကို မြန်မာမြေပြင်ပေါ်မှာ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေကြောင်း တိုက် တွန်းလျှက် မျှော်လင့်နေပါသည်။ ထို့အတူ ASEAN Defense Ministers’ Meeting Plus (ADMM-Plus)ကို အကြမ်းဖက် စစ်ခေါင်းဆောင်များ တက်ရောက်ရန် ပြင်ဆင်နေခြင်းကို ဝိုင်း၀န်းပြီး တားမြစ်နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။ (၇၅)နှစ်အတွင်း ချုပ်နှောင်ခြင်း၊ နာကျင်ခြင်း၊ ဆင်းရဲဒုက္ခရောက်ခြင်း၊ သေဆုံးခြင်း၊ ဆုံးရှုံးခြင်းများ အားလုံးကို အမြန်ဆုံး ချုပ်ငြိမ်းပြီး နိဂုံးချုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ချင်းပြည်နယ်နှင့် ချင်းပြည်သူများ၏ အိပ်မက်များ အမြန်ဆုံး အမှန်တကယ် ဖြစ်လာပြီး ပြည့်၀သော ဘ၀ခံစားမှုကို ရရှိနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းပြီး လူမျိုး၊ ဘာသာ၊ ကျား/မ၊ တိုင်းရင်းသား၊ ဆင်းရဲ/ချမ်းသာမရွေး မြန်မာပြည်သူလူထုအားလုံးအတွက် မြန်မာနိုင်ငံတော်အသစ်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ (၇၅)နှစ်အတွင်း ပျက်ကွက်ခဲ့သော ပင်လုံစာချုပ်ပါ အချက်များအားလုံးကို နွေဦးတော်လှန်ရေး အမြန်ဆုံး အတူတကွ အောင်မြင်ခြင်းအားဖြင့် ချင်းပြည်နယ်ကို ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်နယ် (Federal Democratic State)အဖြစ် အကောင်အထည်ဖော်ပြီး ချင်းပြည်သူလူထုအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်ခွင့်၊ ကိုယ့်ကံကြမ္မာကိုယ့် ဖန်တီးခွင့်များ အမြန်ဆုံး ခံစားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးရင်း နိဂုံးချုပ်အပ်ပါသည်။ May God Bless Myanmar! May God Bless USA!အရေးတော်ပုံ မုချအောင်ရမည်။

ဒေါက်တာဆာဆာ

ပြည်ထောင်စုဝန်ကြီး

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေး အစိုးရပြည်ထောင်စု မြန်မာနိုင်ငံတော်