” အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ပြောကြားသည့် မိန့်ခွန်း “

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်

လေးစားရတဲ့ (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ကို ကြွရောက်လာကြတဲ့ ချင်းအမျိုးသား ခေါင်းဆောင်များ၊ ချင်းအမျိုးသားများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်များအားလုံးကို မင်္ဂလာရှိတဲ့ ချင်းအမျိုးသားနေ့ပါလို့ နှုတ်ခွန်းဆက်သလိုပါတယ်။ ယနေ့ပြုလုပ်တဲ့ စိန်ရတုချင်းအမျိုးသားနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတတစ်ဦးအနေနဲ့ စကားပြောခွင့်ရလို့ များစွာဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ ဖိတ်ကြားတဲ့ ချင်းအမျိုးသား အတိုင်ပင်ကောင်စီနဲ့ ပွဲကျင်းပရေးကော်မတီကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ချင်းလူမျိုးများဟာ ရှေးပဝေသဏီကတည်းက မိမိတို့ရဲ့ ကိုယ့်မြေကိုယ့်ရေနဲ့ ကိုယ့်လူမျိုးကို ကိုယ်ပိုင်ဓလေ့ ထုံးတမ်းဥပဒေတွေကို ကျင့်သုံးပြီး အုပ်ချုပ်တဲ့ လွတ်လပ်တဲ့ လူမျိုးတစ်မျိုးဖြစ်ပါတယ်။ နယ်ချဲ့ အင်္ဂလိပ်တွေ ချင်းတောင်ကို စတင်ဝင်ရောက်ကျူးကျော်တဲ့အခါမှာလည်း ချင်းလူမျိုးများဟာ ရရာလက်နက်ကိုစွဲကိုင်ပြီးတော့ ကိုယ့်မြေကိုယ့်ရေကို တိုင်းတပါးလက်ထဲ မထည့်ပေးရလေအောင် ရွပ်ရွပ်ချွံချွံခုခံကာကွယ်ခဲ့ကြပါတယ်။ ဒါကြောင့် ချင်းလူမျိုးတွေမှာ ဝမ်းသူးမောင်းလို ဗိုလ်ကြွမ်ဘိတ်လို သမိုင်းဝင်သူရဲကောင်းတွေ အများအပြား ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ချင်းလူမျိုးတွေရဲ့ ရဲစွမ်းသတ္တိနဲ့ တိုက်ရည်ခိုက်ရည်တွေကြောင့် နယ်ချဲ့ အင်္ဂလိပ်တွေဟာ ချင်းတောင်ကို သိမ်းဖို့ အချိန်အများကြီး ယူခဲ့ရပါတယ်။ ဒါကြောင့် တာရွှန်းခံတပ်၊ ဗားလုံခံတပ်လို နာမည်ကြီးခံတပ်ကြီးတွေ တိုက်ပွဲကြီးတွေကို အင်္ဂလိပ်တွေအနေနဲ့ ကြိုးစားတိုက်ခိုက်ပြီး စစ်သည်တော်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါတွေကို ဘာလို့ ပြန်ပြောနေရသလဲဆိုရင် ချင်းလူမျိုးတွေဟာ ကိုယ့်မြေကိုယ့်ရေကို ကာကွယ်ဖို့ အတွက် ကိုယ့်လူမျိုးကို ကာကွယ်ဖို့အတွက်ဆို ရရာလက်နက်နဲ့ အသက်ပေးစွန့်လွှတ် စွန့်စားတဲ့ လူမျိုးဖြစ်တယ် ဆိုတာကို ပြန်ပြီးတော့ ဖော်ညွှန်းနေရတာ ဖြစ်ပါတယ်။ဒါတင်မကပါဘူး။ ချင်းလူမျိုးတွေဟာ ဖက်ဆစ်ဂျပန်တွေဝင်ရောက်လာတဲ့အခါမှာလည်း စရောက်ရောက်ချင်းဘဲ စတင်တော်လှန်တိုက်ခိုက်ကြပါတယ်။ ဒါတွေကို ကျောင်းသင်ခန်းစာမှာ မသင်ရလေအောင် အာဏာရှင်တွေက တမင်ချန်လှပ်ထားခဲ့ကြပေမယ့် ဖုံးကွယ်လို့မရတဲ့ ချင်းတွေရဲ့ တော်လှန်ရေးသမိုင်းတွေဘဲ ဖြစ်ပါတယ်။

ချင်းလူမျိုးများအနေနဲ့ ကိုယ့်ဒေသ ကိုယ့်လူမျိုးကိုအုပ်ချုပ်တဲ့ ကိုယ်ပိုင်နိုင်ငံတော်တည်ထောင်မယ့်အစား ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာအစိုးရ၊ ကချင်ခေါင်းဆောင်တွေ၊ ရှမ်းခေါင်းဆောင်တွေနဲ့အတူ ပြည်ထောင်စုနိုင်ငံကို အတူတူထူထောင်ကြဖို့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရဲ့ အစိတ်အပိုင်းဖြစ်လာကြသလို ပြည်ထောင်စုအကျိုးအတွက် အားကြိုးမာန်တက်ပါဝင်ခဲ့ကြတဲ့ လူမျိုးဖြစ်ပါ တယ်။လွန်ခဲ့တဲ့ နှစ်နှစ်က မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အခါမှာလည်း ချင်းလူမျိုးတွေဟာ မိမိတို့ ရိုးရာဓလေ့အမဲလိုက်ရာမှာ အသုံးပြုတဲ့ တူးမီးသေနပ်တွေကိုကိုင်ပြီး မောင်းပြန်ကိုင် တဲ့ စစ်အာဏာရှင်တွေကို ပထမဦးဆုံး စတင်တိုက်ခိုက်ကြပြီးတော့ တူမီးတော်လှန်ရေးကို စတင်ခဲ့ကြတယ်။ ဒါဟာ ချင်းလူမျိုးတွေရဲ့ တူမတူတဲ့ ရဲစွမ်းသတ္တိကြောင့်လို့ ပြောလို့ရပါတယ်။ အဲဒါထက် အရေးကြီးတာက ဘာလဲဆိုရင် ချင်းလူမျိုးတွေဟာ ဒီမိုကရေစီကို ဘယ်လောက်တောင် မြတ်နိုးတန်ဖိုးထားကြသလဲဆိုတဲ့ သက်သေ သာဓကဘဲ ဖြစ်ပါတယ်။

အဲဒီလို ဒီမိုကရေစီမြတ်နိုးကြလို့ဘဲ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ဟာ ချင်းအမျိုးသားနေ့ဆိုတာ ဖြစ်လာရတာ ဖြစ်ပါတယ်။ ချင်းအမျိုးသားနေ့ဟာ ချင်းလူမျိုးတွေအနေနဲ့ ပဒေသရာဇ်စနစ် (ရမ်အုပ်စနစ်) တွေကို ဖျက်သိမ်းပြီး ချင်းတမျိုးသားလုံး အားလုံးအနေနဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရအောင်လို့ လုံးဝဥဿုံ ဆုံးဖြတ်ချက်ချတဲ့နေ့၊ ဒီမိုကရေစီကို ရွေးချယ်တဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင် မကပါဘူး ချင်းအမျိုးသားနေ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ဟာ ချင်းတော်လှန်ရေး ခေါင်းဆောင်များစွာ အဖမ်းခံရတဲ့နေ့ နယ်ချဲ့ အင်္ဂလိပ်တွေကို တော်လှန်တိုက်ခိုက်ကြတဲ့နေ့ စသည်ဖြင့် ချင်းလူမျိုးရဲ့ သမိုင်းမှာ မေ့ပျောက် ဖျောက်ဖျက်လို့ မရတဲ့နေ့ အမျိုးသားရေးနဲ့ဆိုင်တဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ယခုတော်လှန်ရေးကို ကြည့်မယ်ဆိုရင်လည်း ချင်းလူမျိုးများဟာ တော်လှန်ရေးတပ်ဦးမှာ အနစ်နာခံ ပေးဆပ်ပြီး တော့ ပါဝင်တိုက်ခိုက်နေကြတာကို တွေ့ရပါတယ်။ ယခုဆိုရင် ချင်းပြည်နယ်ရဲ့ နယ်မြေအားလုံး နီးပါးကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နဲ့ CJDC ဦးဆောင်တဲ့ ချင်းပြည် ကာကွယ်ရေး တပ်ဖွဲ့ CDF တွေက ထိန်းချုပ်ထားတာကိုတွေ့ရပါတယ်။

ဒါကြောင့် ချင်းလူမျိုးတွေအနေနဲ့ ဆက်လက်ပြီး နွေဦးတော်လှန်ရေးရဲ့တပ်ဦးမှာ ဆက်လက်ဦးဆောင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ တပြိုင်တည်းမှာ စစ်အာဏာရှင်ကို ဖြုတ်ချပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည်ဆောက်ရာမှာလည်း ချင်းလူမျိုး တွေ ဆက်လက်ပါဝင်နိုင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ ချင်းလူမျိုးတွေ ချင်းအမျိုးသားခေါင်းဆောင်တွေ လိုလားတဲ့ ကိုယ့်ပိုင်ပြဌာန်းခွင့် အပြည့်အဝရတဲ့ ချင်းပြည်ကိုရရှိမှာဖြစ်ပါတယ်။ပြည်သူလူထုကို အကြမ်းဖက်တဲ့၊ ရွာတွေကို မီးရှို့တဲ့၊ အရပ်သားနေအိမ်တွေ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ကောင်စီဆီကနေ ဘာမှရဖို့မရှိပါဘူး။

ထန်တလန်တမြို့လုံးကို မီးလောင်တိုက်သွင်းတဲ့ စစ်အုပ်စုဆီက ဘာမှမျှော်လင့်စရာမရှိပါဘူး။ ဒါကို ချင်းလူမျိုးတွေကောင်းကောင်း သိပါတယ်။ ဒါကြောင့်လည်း ချင်းလူမျိုးတွေ က တော်လှန်ရေးမှာ တပ်ဦးကနေ တိုက်နေကြတာဖြစ်တယ်။ တနေ့စစ်အာဏာရှင် ပြုတ်ကျပြီး ချင်းပြည် ငြိမ်းချမ်းသွားတဲ့အခါ ယခုလို Zoom ထဲကနေမဟုတ်ဘဲ လက်တွေ့မြေပြင်မှာ ချင်းအမျိုးသားနေ့ကို ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်ကြမှာ ဖြစ်ပါတယ်။ အဲလိုနေ့ရောက်လာဖို့ ကျနော်တို့ ယနေ့ ချင်းအမျိုးသားနေ့ကနေ အားမာန်သွင်းပြီး ဆက်လက် တိုက်ပွဲဝင်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ။ ချင်းအမျိုးသားနေ့ အဓွန့်ရှည်ပါစေ။ ချင်းအမျိုးသားများ ကမ္ဘာတည်တရွေ့ အောင်မြင်ငြိမ်းချမ်းကြပါစေ။ ချင်းအမျိုးသားနေ့မှာ ချင်းလူမျိုးများ အားလုံး ပျော်ရွှင်ကြပါစေ။

အရေးတော်ပုံ မုချအောင်မြင်ရမည်….

ဒူဝါလရှီးလ

ယာယီ သမ္မတ

အမျိုးသားညီညွတ်ရေးအစိုးရ