“ (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့သို့ပေးပို့သော သဝဏ်လွှာ “

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်

၁။​ယနေ့သည် ချင်းလူမျိုးများအားလုံး အလေးအမြတ်ထားသည့် ဂုဏ်ယူဖွယ် နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သော ချင်းအမျိုးသားနေ့သည် ယနေ့တွင် စိန်ရတု အထိမ်းအမှတ် (၇၅) နှစ် တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အား ချင်းလူမျိုးများနှင့် ထပ်တူထပ်မျှ အလေးထားဂုဏ်ယူပါကြောင်းနှင့် ပြည်ထောင်စု အတွင်းသာမက ကမ္ဘာ့အနယ်နယ်အရပ်ရပ်တွင် ရောက်ရှိ နေထိုင်ကြသော ချင်းလူမျိုးများ အားလုံး စိတ္တသုခ၊ ကာယသုခ နှစ်ဖြာပြည့်စုံပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

၂။​ဗြိတိသျှကိုလိုနီလက်အောက်သို့ ချင်းပြည်မကျရောက်မီ ချင်းအမျိုးသားများသည် ကိုယ်ပိုင်အုပ်ချုပ်မှု၊ ကိုယ်ပိုင်ယဉ်ကျေးမှုစာပေ၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းများဖြင့် သမိုင်းအစဉ်အလာ ကြီးမားစွာ အစဉ်အဆက် နေထိုင်ခဲ့ကြသည်။

၃။​ဗြိတိသျှကိုလိုနီနယ်ချဲ့အား ရွပ်ရွပ်ချွံချွံ ခုံခံတွန်းလှန်သည်မှစ၍ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးပြီး တောင်တန်းပြည်မ အတူတကွ လွတ်လပ်ရေး အရယူနိုင်ခဲ့သည်အထိ ချင်းလူမျိုးများ၏ ရဲရင့်မှု၊ စွန့်လွှတ် အနစ်နာခံမှုများသည် သမိုင်းတွင် ဂုဏ်ရောင်ပြောင်စွာ စွဲထင်ကျန်လျက်ရှိသည်။ အလားတူပင် နွေဦး တော်လှန်ရေးတွင်လည်း ချင်းလူမျိုးများ၏ ဦးဆောင်ပေးဆပ် တိုက်ပွဲဝင်နေမှုများကို အထင်းသား မြင်တွေ့ နိုင်သည်။

၄။​၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂၂) ရက်နေ့အထိ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် လွတ်လပ်ရေးနေ့ အောင်ပွဲသဘင်အခမ်းအနားနှင့် လူထုညီလာခံကြီးကျင်းပခဲ့သည်။ ထိုလူထုညီလာခံကြီးသို့ နိုင်ငံတော်သမ္မတ စပ်ရွှေသိုက်၊ ချင်းရေးရာဝန်ကြီး ပူဝမ္မသူးမောင်း၊ ပြန်ကြားရေးဝန်ကြီးဦးညိုထွန်း၊ တိုင်းမင်းကြီး စည်သူဦးသိမ်းမောင်တို့အပြင် ချင်းဝိသေသတိုင်းတစ်ခုလုံးမှ ချင်းလူထုကိုယ်စားလှယ်များလည်း တက်ရောက် ကြသည်။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ လူထုညီလာခံကြီးတွင် တိုက်သူကြီးများအုပ်ချုပ်မှု စနစ်ဟောင်းမှ ဒီမိုကရေစီအုပ်ချုပ်မှု စနစ်သစ်သို့ ကူးပြောင်းရန် အဆိုကို တက်ရောက်လာသော ချင်းကိုယ်စားလှယ်ကြီးများမှ ဒီမိုကရေစီနည်းလမ်းတကျ မဲခွဲဆုံးဖြတ် အတည်ပြုနိုင်ခဲ့သည်။

၅။​အဆိုပါနေ့ကို အစွဲပြု၍ ၁၉၅၀ ခုနှစ် အောက်တိုဘာလ(၉) ရက်နေ့တွင် ကျင်းပသော ချင်းရေးရာကောင်စီ အစည်းအဝေးတွင် တက်ရောက်လာကြသူများအားလုံးမှ ချင်းအမျိုးသားနေ့အဖြစ် တညီတညွတ်တည်း သဘောတူ သတ်မှတ်အတည်ပြုခဲ့ကြသည်။ ချင်းလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို မပျောက်မပျက် ထိန်းသိမ်းပြီး ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာ့နယ်ပယ် အရပ်ရပ်တွင် စည်းကားသိုက်မြိုက် ဂုဏ်ယူစွာ ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။

၆။​အာဏာရှင်တော်လှန်ရေး အဆက်ဆက်မှသည် ယနေ့ ပြည်သူလူထုတရပ်လုံး ပါဝင်ဆင်နွှဲနေသည့် ပြည်သူ့တော်လှန်ရေးကြီးအတွင်း အသက်၊အိုးအိမ်၊စည်းစိမ် စွန့်လွှတ်ပေးဆပ်တိုက်ပွဲ ဝင်လျက်ရှိသော ချင်းအမျိုးသားအာဇာနည်များ၊ သူရဲကောင်းများနှင့်တကွ ချင်းပြည်သူများအားလုံးကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ် အပ်ပါသည်။

၇။​ပြည်သူ့တော်လှန်ရေးကြီးနှင့် ပြည်သူလူထုတရပ်လုံး၏ ဘုံပန်းတိုင်ဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှု အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို ထူထောင်နိုင်ရန် ဘုံရန်သူ စစ်အာဏာရှင်စနစ်ဆိုးအား အမြစ်ဖြတ်ချေမှုန်းရန် အတူတကွ လက်တွဲပြီး “တသံတည်းညီ၊တချီတည်းရုန်း” ကြိုးစားလျှောက်လှမ်းကြပါစို့ဟု တိုက်တွန်းပြောကြားလျက် ယနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ချင်းအမျိုးသားနေ့သို့ ဤသဝဏ်လွှာအား ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။​​​​​​​​​

ကာကွယ်ရေးဝန်ကြီးဌာန

​​​​​​​​​​​အမျိုးသားညီညွတ်ရေးအစိုးရ