

၁၃၈၄ ခုနှစ် ၊ တပေါင်းလဆန်း(၁၁) ရက်
၂၀၂၃ ခုနှစ် ၊ မတ်လ (၁) ရက်
၁။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်မှ နိုင်ငံတော်အာဏာအား အဓမ္မလုယူသိမ်းပိုက်ခဲ့ပြီးနောက် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးအပါအဝင် ကဏ္ဍအသီးသီး၌ အလုံးစုံ ယိုယွင်းပျက်စီးလျက်ရှိကြောင်း ပြည်သူလူထုအများ သိရှိကြပြီးဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာနိုင်ငံသား ပြည်သူလူထုများ ရင်ဆိုင်နေရသော စီးပွားပျက်ကပ်များ၊ လူနေမှုဘဝ မလုံခြုံမှုများ၊ ဘေးဒုက္ခများမှ လျော့ပါးသက်သာနိုင်ရေး အတွက် အဘက်ဘက်မှ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။
၂။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အနေဖြင့်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့်သားသမီးများအတွက် မွေးစာရင်း လက်မှတ် ထုတ်ပေးရေး လုပ်ငန်းအား ၂၀၂၃ ခုနှစ် ၊ မတ် လ (၁) ရက် နေ့မှစ၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများသိရှိ၊ လျှောက်ထား ဆောင်ရွက်နိုင်ရေး ဤကြေညာချက်အား အသိပေး ထုတ်ပြန် ရခြင်း ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ သား/သမီးများအတွက် မွေးစာရင်းလက်မှတ် လျှောက်ထားထုတ်ယူနိုင်ရေးအတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ website လိပ်စာ https://mohai.nugmyanmar.org/ နှင့် Immigration Department of MoHAI-NUG Facebook page တို့သို့ ဆက်သွယ်ချိတ်ဆက်၍ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
လွင်ကိုလတ်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေး အစိုးရ