“ ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့ Cox’s Bazar ရှိ စခန်း အမှတ်(၁၁) တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုဆိုင်ရာ ထုတ်ပြန်ချက်” (၅ / ၂၀၂၃)

၁၃၈၄ ခုနှစ်၊ တပေါင်းလဆုတ် ၁ ရက်

၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်

အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်၊ တနင်္ဂနွေနေ့က Cox’s Bazar တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားခဲ့ကြရသည့် ရိုဟင်ဂျာအိမ်ထောင်စုများအတွက် အနက်ရှိုင်းဆုံးစာနာမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ဖော်ပြအပ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် UNHCR၊ နိုင်ငံတကာမိတ်ဖက်များ၊ ဒေသခံရိုဟင်ဂျာအဖွဲ့အစည်းများနှင့်အတူ ထိခိုက်ခံစားခဲ့ရသော အိမ်ထောင်စုများအတွက် အကူအညီများပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ရေတိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးကြိုးပမ်းဆောင်ရွက်နေစဉ်တွင် ၎င်းတို့၏ ဆင်းရဲဒုက္ခများကို အဆုံးသတ်နိုင်ရန်နှင့် မြန်မာနိုင်ငံရှိ ၎င်းတို့၏ နေရပ်များသို့ ဘေးကင်းလုံခြုံ၍ ရေရှည်တည်တံ့သောနည်းလမ်းဖြင့် ပြန်လည်နေထိုင်နိုင်ရေးအား ကူညီဆောင်ရွက်ပေးနိုင်ရန်တို့အတွက် ရေရှည်ဖြေရှင်းနည်းတစ်ခုကို လိုအပ်ကြောင်း အသိအမှတ်ပြု လက်ခံပါသည်။ သို့သော်လည်း ရေရှည်နိုင်ငံရေးအဖြေရရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ချုပ်ငြိမ်းပပျောက်ရေး၊ တည်ငြိမ် အေးချမ်းမှုနှင့် ဒီမိုကရေစီအရပ်ဘက်အုပ်ချုပ်မှု ပြန်လည်ရရှိရေးပင် ဖြစ်ပါသည်။ အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် အားလုံးပါဝင်သည့် ပြည်သူကိုဗဟိုပြုသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလမ်းပြမြေပုံ၏ အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့်ပတ်သက်သည့် မူဝါဒ ရပ်တည်ချက်ကို အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်လောင်း၍ ကတိပြုအပ် ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ