

၂၀၂၃ ခုနှစ် မတ်လ ၉ ရက်
Christian Solidarity Worldwide (CSW)က ဦးဆောင်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ မြန်မာနိုင်ငံအတွက် ဆုတောင်းပွဲ “Global Day of Prayer for Burma” အစီအစဉ်တွင် ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်ပါသည်။ မြန်မာနိုင်ငံသည် အကြမ်းဖက်စစ်ကောင်စီလက်ထဲ ကျရောက်သည့်နေ့မှစ၍ နေ့တိုင်းညတိုင်း ငရဲမီးတွင် နေထိုင်ခဲ့ရပါသည်။ လွန်ခဲ့သော ၂ နှစ်သည် မြန်မာပြည်သူလူထုက ငရဲမီးကို အရှင်လတ်လတ် ခံစားခဲ့ရသောနှစ်၊ အကူအညီမဲ့ပြီး မျှော်လင့်ချက်ကင်းမဲ့သောနှစ်၊ မိသားစုများနှင့်မိတ်ဆွေများ ဆုံးရှုံးခဲ့ရသောနှစ်၊ ဒုက္ခဝေဒနာ ပေါင်းစုံခံစားခဲ့ရသောနှစ်၊ ကြောက်ရွံ့ခြင်း ဆုံးရှုံးခြင်းများနှင့် ပြည့်နှက်သောနှစ်၊ မြန်မာပြည်သူများ၏ လွတ်လပ်ရေး၊ ဒီမိုကရေစီအရေးနှင့် ကိုယ့်ကံကြမ္မာကိုယ့်ဖန်တီးရေးကို အတိုက်ခိုက်ခံခဲ့ရသောနှစ်၊ အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများနှင့် အတူခေါင်းပုံဖြတ်ခြင်းကို ခံခဲ့ရသောနှစ်၊ တရားမျှတမှုမရှိခြင်း၊ ဥပဒေမဲ့ခြင်း၊ အဓမ္မခြင်းတွေနှင့်ကြုံခဲ့ရသည့်နှစ်ဖြစ်သည့်အပြင် စစ်အာဏာရှင် အမှောင်ထုကြီးကို ရင်ဆိုင်ခဲ့ရသည့် နှစ်ဖြစ်ပါသည်။
လွန်ခဲ့သော ၂ နှစ်သည်လည်း မြန်မာပြည်သူလူထု၏ ရဲစွမ်းသတ္တိကိုကမ္ဘာသိသည်အထိ သက်သေပြသည့်နှစ်ဖြစ်သလို မတူကွဲပြားမှုများထဲမှ မြန်မာပြည်သူလူထု၏ စည်းလုံးညီညွတ်မှုကို ပြသခဲ့သည့်နှစ်လည်းဖြစ်ပါသည်။ လွန်ခဲ့သော ၂ နှစ်သည်လည်း မြန်မာပြည်သူများ၏ သတ္တိနှင့် ကြံ့ကြံ့ခံနိုင်မှုကို ကမ္ဘာကိုသက်သေပြခဲ့သည့်နှစ်လည်းဖြစ်ပါသည်။ လွန်ခဲ့သော ၂ နှစ်သည်လည်း မြန်မာပြည်သူလူထုက ဖက်ဒရယ်ဒီမိုကရေစီကို အသက်နှင့်လဲပြီး တော်လှန်ခဲ့ရသောနှစ်လည်းဖြစ်သည်။ လွန်ခဲ့သော ၂ နှစ်သည်လည်း လူ့အခွင့်အရေးနှင့် ဓမ္မအရေးအတွက် မြန်မာပြည်သူလူထုက ရှိသမျှပုံအောပြီးပေးခဲ့သောနှစ်လည်းဖြစ်ပါသည်။
လွန်ခဲ့သော ၂ နှစ်သည်လည်း မြန်မာပြည်သူလူထုက ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထာဝရဘုရားထံမှာလာသော ညဏ်ပညာခွန်အားအပြည့်နှင့် သွားသည့်နှစ်လည်းဖြစ်သလို ဘုရားသခင်ကို ယုံကြည်ကိုးစားသည့်နှစ်လည်း ဖြစ်ပါသည်။ လွန်ခဲ့သော ၂ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ ရွေးကောက်ခံ လွှတ်တော်အမတ်များ၊ Rev. Dr. Hkalam Samson နှင့် အပြစ်မဲ့မြန််မာပြည်သူ(၂) သောင်းကျော်ကို တရားမဝင်ဖမ်းဆီးချုပ်နှောင်ထားပြီး ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူပေါင်း ၃,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပါသည်။ လွန်ခဲ့သော ၂ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများကို အကြိမ်ပေါင်း ၉,၀၀၀ ကျော် တိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ လူနေအိမ်များအပါအဝင် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ်ပေါင်း (၅) သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။ လွန်ခဲ့သော ၂ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် မြန်မာပြည်သူလူထု ၁.၆ သန်းကျော်သည် ဒုက္ခသည်ဘဝအဖြစ် Refugee နှင့် IDP camps တို့တွင် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် ၅၄ သန်းသော မြန်မာနိုင်ငံလူဦးရေ၏ တစ်ဝက်ဖြစ်သည့် ၂၇ သန်းသည် အလွန်ဆင်းရဲနွမ်းပါးသည့်အခြေအနေကို ရောက်ရှိနေပြီဖြစ်သည်။ လွန်ခဲ့သော ၂ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာခြင်းကြောင့် မြန်မာနိုင်ငံ၏ ပြည်သူ့အကျိုးစီးပွားကို တိုက်ရိုက်တိုက်ခိုက်ဖျက်ဆီးပြီး မြန်မာပြည်သူလူထု (၁၇) သန်းထက်မနည်းသော လူဦးရေသည် အငတ်ဘေးနှင့် ရင်ဆိုင်နေရပါသည်။ အကြမ်းဖက်စစ်ကောင်စီသည် စစ်လက်နက်များသာမက ငတ်မွတ်ခေါင်းပါးခြင်းနှင့် ရောဂါများကိုလည်း လက်နက်သဖွယ်အသုံးပြုပြီး မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုကို နေ့စဉ်နေ့တိုင်း တိုက်ခိုက်ဖျက်ဆီးလျှက်ရှိပါသည်။
ချစ်ခင်လေးစားအပ်ပါသော ပြည်သူလူထု အပေါင်းတို့ခင်ဗျာ၊ အောက်ပါ အထူးဆုတောင်းတင်ပြချက် (၁၀)ချက်ကို ကျွန်တော်နှင့်အတူ နေ့စဉ်ဆုတောင်းကြပါရန် အလေးအနက်မေတ္တာရပ်ခံအပ်ပါသည်။
၁။ မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်ပြီး UK ကဦးဆောင်သည့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် (UK – led UN Security Council Resolution) (၁၀)ချက်ကို မြန်မာမြေပြင်တွင် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရန် နေ့စဉ်ဆုတောင်းခြင်း။
၂။ မြန်မာနိုင်ငံအပေါ် အာဆီယံ (ASEAN)၏ ဘုံသဘောတူညီချက် (၅)ချက်ကို ကြန့်ကြာခြင်းမရှိတော့ပဲ မြန်မာမြေပြင်တွင် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်နိုင်ရန် နေ့စဉ်ဆုတောင်းခြင်း။
၃။ အမေရိကန်ပြည်ထောင်စုက အမျိုးသားကာကွယ်ရေးဥပဒေအဖြစ်အတည်ပြုထားသည့် Burma Act ဥပဒေ NDAA ဥပဒေပါ အချက် (၈)ချက်ကို မြန်မာမြေပြင်တွင် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်နိုင်ရန် နေ့စဉ်ဆုတောင်းခြင်း။
၄။ မြန်မာပြည်သူပြည်သားများအားလုံး တရားမျှတမှုရရှိနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာတရားမျှတရေး ယန္တယား ( international justice mechanisms)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) နှင့် Universal Jurisdiction (UJ) တို့မှတဆင့် အကြမ်းဖက်စစ်အုပ်စုအားလုံးကို အမြန်ဆုံးတရားစွဲနိုင်ရန် နေ့စဉ်ဆုတောင်းခြင်း။
၅။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် Rev. Dr. Hkalam Samson တို့အပါအဝင် ဖမ်းဆီးချုပ်နှောင်ထားသည့် ခေါင်းဆောင်များအားလုံးနှင့် ပြည်သူလူထုများအားလုံး အကန့်အသတ်မရှိ ခြွင်းချက်မရှိ ချက်ချင်းလွတ်မြောက်နိုင်ရန် နေ့စဉ်ဆုတောင်းခြင်း။
၆။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုများနှင့် သမိုင်းကပေးသော ဘုရားပေးတာဝန်များကို ထမ်းဆောင်ပြီး လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အာဏာဖီဆန်ရေးလှုပ်ရှားသူများ (CDM )၊ ပြည်သူ့ကာကွယ်ရေး အင်အားစုများ (PDFs)၊ ဒေသ ကာကွယ်ရေးအင်အားစုများ (LDF) များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တို့အတွက် နေ့စဉ်ဆုတောင်းခြင်း။
၇။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုကို တရားဝင်ကိုယ်စားပြုနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အပြည်ပြည်ဆိုင်ရာအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ သက်ဆိုင်ရာအဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် အမြန်ဆုံး တရားဝင်အသိအမှတ်ပြုနိုင်ရန် နေ့စဉ်ဆုတောင်းခြင်း။
၈။ မြန်မာ့နွေဦးတော်လှန်ရေး အမြန််ဆုံးအောင်မြင်ပြီး ကြမ်းဖက်စစ်အာဏာရှင်စနစ်ကို မြန်မာမြေပြင်ပေါ်မှာ အမြန်ဆုံးအမြစ်ပြတ် ချုပ်ငြိမ်းနိုင်ရန်အတွက် နေ့စဉ်ဆုတောင်းခြင်း။
၉။ မြန်မာပြည်သူပြည်သားများအားလုံးအတွက် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဂျဲန်ဒါ၊ တိုင်းရင်းသားလူမျိုးစုနှင့် နောက်ခံအကြောင်းတရား ခွဲခြားမှုလုံးဝမရှိပဲ အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ( Federal Democracy) မြန်မာနိုင်ငံတော်အသစ် အမြန်ဆုံးတည်ဆောက်နိုင်ရေးအတွက် နေ့စဉ်ဆုတောင်းခြင်း။
၁၀။ မြန်မာနိုင်ငံတွင် ဘုရားသခင်၏အလိုတော်နှင့်အညီ ဘုရားသခင်နိုင်ငံတော်၏အသီးအပွင့်များဖြစ်သည့် ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝခြင်း၊ တရားမျှတရေး၊ ဓမ္မ၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ လူ့ အခွင့်အရေး၊ လွတ်လပ်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ အမြန်ဆုံးထွန်းကားနိုင်ပါရန် နေ့စဉ်ဆုတောင်းခြင်း။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ဖို့ရန်အတွက် ဘုရားသခင်အလိုတော်ရှိပါသည်။ မြန်မာနိုင်ငံကို ဘုရားသခင်ကောင်းချီးပေးပါစေ။ အရေးတော်ပုံ မုချအောင်ရမည်။
ဒေါက်တာဆာဆာ
ပြည်ထောင်စု ဝန်ကြီး
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေး အစိုးရ
ပြည်ထောင်စု မြန်မာနိုင်ငံတော်