” သတင်းထုတ်ပြန်ခြင်း “

၂၀၂၃ခုနှစ် မတ်လ (၈)ရက်နေ့

▪အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ၀င်းမြတ်အေးနှင့် Committee Representing Pyidaungsu Hluttaw – CRPH မှ အဖွဲ့ဝင်များသည် ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သော ASEAN Parliamentarians for Human Rights (APHR) Members’ Forum ကို မတ် ၃ ရက်မှ ၅ရက်အထိ တက်ရောက်ခဲ့ပါသည်။

▪အဆိုပါ အစည်းအဝေးတွင် အာဆီယံနိုင်ငံများ ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် နွေဦး တော်လှန်ရေးတွင် CRPH၊ NUG နှင့် NUCC တို့၏ အခန်းကဏ္ဍများနှင့် စိန်ခေါ်မှုများကို ကျော်လွှားပြီး လက်တွဲ ဆောင်ရွက်နေမှုများ၊ မြန်မာ့ လွှတ်တော်ကိုယ်စားလှယ်များ ကြုံတွေ့နေရသည့် အကြမ်းဖက်ခံရမှုများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြသည်။

▪APHR အဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲသည် ပိုမိုဆိုးဝါးသည့် ပဋိပက္ခများကို ဦးတည်နေသည့်အတွက် ၎င်းတို့အနေဖြင့် လုံးဝ ဆန့်ကျင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါသည်။ လတ်တလော စစ်ကိုင်းတိုင်း တာတိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်စွာ မုဒိန်းကျင့် သတ်ဖြတ်မှုများကို ရှုတ်ချကြပြီး မြေပြင်တွင် ဒုက္ခရောက်နေကြသော ပြည်များကို လက်တွေ့ကယ်တင်နိုင်ရေး တိုက်တွန်းကြိုးပမ်းဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

▪ထို့အပြင် ဒေါက်တာ ဝင်းမြတ်အေးသည် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီများကို အမှန်တကယ်လိုအပ်သော နေရာများသို့ ထိထိရောက်ရောက် ရရှိနိုင်ရေး အတွက် ဆွေးနွေးခဲ့ပါသည်။