

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်
ယနေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကမ္ဘာတစ်၀န်းတွင် ကျင်းပနေပါသည်။ မြန်မာနိုင်ငံတွင်မူ လွန်ခဲ့သော(၂) နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီက အမျိုးသမီး စုစုပေါင်း(၄၈၃)ဦးကို သတ်ဖြတ်ခြင်း၊ အမျိုးသမီး စုစုပေါင်း(၃၁၂၅) ဦးကို မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း၊ အမျိုးသမီး စုစုပေါင်း(၁၁)ဦးကို သေဒဏ်ပေးခြင်း၊ အမျိုးသမီး စုစုပေါင်း(၁၅)ဦးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခြင်း၊ အမျိုးသမီး စုစုပေါင်း (၁၂၂)ဦးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတို့နှင့် မြန်မာ့အမျိုးသမီးများကို ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်လျှက်ရှိပါသည်။
၁၈၅၇ ခုနှစ် နယူးယောက်အထည်ချုပ်စက်ရုံတွင် အမျိုးသမီးများ လုပ်ခလစာတိုးမြင့်ပေးရန်၊ မဲပေးပိုင်ခွင့်ရရှိရန်၊ အလုပ်ချိန်လျှော့ချပေးရန် ဆန္ဒပြတောင်းဆိုရာမှ အမျိုးသမီးများလှုပ်ရှားမှုအစပြုပြီး ၁၉၇၅ ခုနှစ်၊ မတ်လ (၈) ရက်နေ့ကို ကုလသမဂ္ဂမှ အပြည်အပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် တရား၀င်သတ်မှတ်ပေးခဲ့ပါသည်။ အမျိုးသမီးများ အခွင့်အရေးကို မြှင့်တင်ရန်နှင့် အမျိုးသမီးများအခွင့်အရေးကိုကာကွယ်ရန်အတွက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ သတ်မှတ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်စေရေး နိုင်ငံတကာသဘောတူစာချုပ်ကို မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံမှ သဘောတူစာချုပ်တွင် လတ်မှတ်ရေးထိုးပါဝင်ခဲ့သော်လည်း အကြမ်းဖက်အာဏာရှင်များသည် သဘောတူစာချုပ်ကို လျစ်လျူရှုသည်သာမက ၎င်းစာချုပ်ကို အကောင်အထည်ဖော်ရန်လုံး၀ပျက်ကွက်ပြီး နှစ်ပေါင်းများစွာ ထိုစာချုပ်ပါအချက်များကို ချိုးဖောက်လာခဲ့သည်။
လွန်ခဲ့သော(၂၆)နှစ်အတွင်း မြန်မာအမျိုးသမီးများအခွင့်အရေးကို ချိုးဖောက်ဖျက်ဆီးပြီး တိုးတက်မှု လုံးဝမရှိအောင် ရည်ရွယ်ချက်ရှိရှိ နည်းအမျိုးမျိုးကို အသုံးပြုပြီး အကြမ်းဖက်အာဏာရှင်များက မြန်မာ့အမျိုးသမီးများအပေါ် လူမဆန်သောအကြမ်းဖက်ခြင်းအမျိုးမျိုးကို ကျူးလွန်ခဲ့ကြသည်။ လွန်ခဲ့သော (၂၆)နှစ်တွင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ်ကိုချုပ်ဆိုခဲ့ပြီးဖြစ်သော်လည်း အကြမ်းဖက်စစ်အာဏာရှင်များသည် ၎င်းစာချုပ်ကို လိုက်နာရန် လုံး၀ဆန္ဒမရှိကြောင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မတိုင်မီ တစ်ရက်အလို ယမန်နေ့ကထုတ်ပြန်သော အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်များက အခိုင်အမာသက်သေပြနေပါသည်။ အကြမ်းဖက်အာဏာရှင်များသည် မြန်မာအမျိုးသမီးများအပေါ် လူမဆန်စွာ ကျူးလွန်ထားသောရာဇဝတ်မှုများအတွက် မြန်မာအမျိုးသမီးများကို ၀န်ချတောင်းပန်ပြီး ရာဇဝတ်မှုကျူးလွန်သူ အကြမ်းဖက်စစ်ခေါင်းဆောင်များကို စာချုပ်ပါ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီအရေးယူပြီး တရားမျှတမှုကိုဆောင်ရွက်ရမည့်အစား အကြမ်းဖက်စစ်အာဏာရှင်များသည် ကျူးလွန်မှုအထောက်အထားများကို ဖျောက်ဖျက်ပြီး အထောက်အထားများယူမရအောင် အကြမ်းဖက်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ အထောက်အထားရှိသောနေအိမ်နှင့် နေရာများကိုမီးရှို့ခြင်း၊ ရုပ်အလောင်းများကိုလည်း ညှင်းပန်းနှိပ်စက်ထားသော ထိခိုက်ဒဏ်ရာ အထောက်အထားများယူမရအောင် မီးရှို့အလောင်းဖျောက်ခြင်းနှင့်အတူ ရက်စက်ကြမ်းကြုတ်သော ဖြတ်(၄)ဖြတ်ပေါ်လစီကိုလည်းချမှတ်ပြီး မြန်မာ့အမျိုးသမီးများအပေါ်တွင် ဆက်လက်အကြမ်းဖက်လျှက်ရှိပါသည်။
မတ်လ(၈)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် အပြည်ပြည်ဆိုင်ရာစာချုပ်ပါဥပဒေနှင့်အညီ မြန်မာ့အမျိုးသမီးများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပြီး မြန်မာအမျိုးသမီးများ၏ဉာဏ်အား၊ ကာယအား၊ စိတ်ဓာတ်စွမ်းအား တို့ကို မြှင့်တင်ရမည့်အစား ရက်စက်ကြမ်းကြုတ် အကြမ်းဖက်စစ်အာဏာရှင်များသည် စစ်လက်နက်အသုံးပြု၍ ပြည်သူ့အာဏာကိုလုယူရန် ကြိုးစားသည့် လွန်ခဲ့သော(၂)နှစ်အတွင်း အမျိုးသမီးများ အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေးတို့ကို အသက်နှင့်လဲပြီးဆောင်ရွက်နေသော မြန်မာ့အမျိုးသမီး စုစုပေါင်း(၄၈၃)ဦးကို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါသည်။ နေပြည်တော်၊ သပြေကုန်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော မမြသွဲ့သွဲ့ခိုင်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခြင်းမှအစပြု၍ မန္တလေးမြို့၊ ၈၄ လမ်းနှင့် လမ်း ၃၀ ကြားတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသော အသက်(၁၉)နှစ်အရွယ် မကြယ်စင်ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၃) ရက်နေ့တွင် ခေါင်းကို သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းနှင့်တကွ အမျိုးသမီးများအပေါ် ရာဇဝတ်မှုများ မရပ်မနားဘဲ ဆက်တိုက်ကျူးလွန်ခဲ့ရာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကျင်းပရမည့် ယခုအချိန် ၂၀၂၃ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တာတိုင်ရွာမှာ အမျိုးသမီး(၃)ဦးဖြစ်သည့် မပန်းနွယ်၊ မပန်းသွယ်နှင့် မဆွေဆွေဦးတို့ကို အကြမ်းဖက်စစ်အုပ်စုက အုပ်စုဖွဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်၍ သတ်ဖြတ်ခဲ့ပါသည်။ မျက်မြင်သက်သေထွက်ဆိုချက်များအရ အမျိုးသမီးများကို လူမဆန်သောနည်းလမ်းများဖြင့် ရက်ရက်စက်စက် အကြမ်းဖက်မှု ကျူးလွန်ခဲ့သည်ကို တွေ့ရှိရပါသည်။
အကြမ်းဖက်စစ်အာဏာရှင်များသည် လွန်ခဲ့သော (၂၄)လအတွင်း မြန်မာအမျိုးသမီး စုစုပေါင်း (၄၈၃)ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သည့်အပြင် လွန်ခဲ့သော(၂၄)လအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာအမျိုးသမီး စုစုပေါင်း(၃၁၂၅)ဦးကို မတရားဖမ်းဆီးချုပ်နှောင်ထားပြီး မြန်မာအမျိုးသမီး စုစုပေါင်း (၁၂၂)ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းကျူးလွန်ခဲ့ပါသည်။ ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီနှင့်အပေါင်းပါ သူရဲကောင်း(၄)ဦးတို့ကို ရက်ရက်စက်စက် ကြိုးပေးကွပ်မျက်သည့်အပြင် လွန်ခဲ့သော (၂၄)လအတွင်း မြန်မာအမျိုးသမီး စုစုပေါင်း (၁၁)ဦးကို သေဒဏ်ချမှတ်ပြီး မြန်မာအမျိုးသမီး စုစုပေါင်း(၁၅)ဦးကို တစ်သက်တစ်ကျွန်းထောင်ဒဏ်များချမှတ်ခဲ့ပါသည်။ လွန်ခဲ့သော(၂၄)လအတွင်း အကြမ်းဖက်စစ်အာဏာရှင်များသည် ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်းနှင့် ပြည်သူ့အသက်အိုးအိမ်ကို မီးရှို့ခြင်းစသည်တို့ကို လက်နက်သဖွယ် အသုံးပြုပြီး မြန်မာအမျိုးသမီးနှင့် ကလေးများ အများဆုံးပါ၀င်သော လူဦးရေ(၁.၆)သန်းထက်မနည်းကို အိုးမဲ့အိမ်မဲ့ဖြစ်စေခြင်း၊ အသက်အိုးအိမ်(၅)သောင်းထက်မနည်း မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများနှင့်ကလေးများ အများဆုံးပါ၀င်သည့် မြန်မာ့လူဦးရေ (၁၇)သန်းထက်မနည်းကို အငတ်ဘေးနှင့် ရင်ဆိုင်စေခြင်းစသည့် ရာဇ၀တ်မှုများကို ကျူးလွန်လျှက်ရှိပါသည်။
မြန်မာပြည်သူလူထုများ တရားမျှတမှုမရမချင်း အပြည်ပြည်ဆိုင်ရာဥပဒေလမ်းကြောင်းမှတစ်ဆင့် အကြမ်းဖက်စစ်အာဏာရှင်များကို အရေးယူရန်သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာအစိုးရများ၊ အဖွဲ့အစည်းများတွင် တာ၀န်ရှိနေပြီး မြန်မာနိုင်ငံပြည်တွင်းမှာလည်း အကြမ်းဖက်စစ်အာဏာရှင်များမှ ကျုးလွန်ထားသောအမှုများကို တစ်ခုမှမချန်ထားခဲ့ဘဲ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားရန် ကျွန်တော်တို့အားလုံးမှာ တာ၀န်ရှိနေပါသည်။ ရဲရင့်သတ္တိရှိသော မြန်မာပြည်သူလူထုနှင့် မြန်မာအမျိုးသမီးတို့၏လက်ထဲမှာ တရားမျှတမှုရောက်ရှိလာစေရန်အတွက် စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ပြတ်ခြေမှုန်းပြီး လူမျိုး၊ ဘာသာ၊ ကျား/မ၊ တိုင်းရင်းသားမရွေး အားလုံးအတွက် “ ညီမျှခွင့်တူ ဖမ်းဆုပ်ယူ” နိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်အသစ်ကို အတူတကွတည်ဆောက်သွားရမည်ဖြစ်သည်။အရေးတော်ပုံ မုချအောင်ရမည်။
ဒေါက်တာဆာဆာ
ပြည်ထောင်စု ဝန်ကြီး
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေး အစိုးရ
ပြည်ထောင်စု မြန်မာနိုင်ငံတော်