

၂၀၂၃ခုနှစ်၊ မတ်လ ၁၀ ရက်နေ့
ယခုတွေ့ဆုံပွဲကို စီစဥ်ဖိတ်ကြားပေးသည့်အတွက် ၀မ်းသာသလို တစ်ဖက်မှာလည်း အလွန်၀မ်းနည်းမိပါတယ်။ အလွန်၀မ်းနည်း ရခြင်းအကြောင်းအရင်းမှာ Malaysia နိုင်ငံရောက်မြန်မာပြည်သူလူထုများရင်ဆိုင်နေရသည့် မလိုလားအပ်သော ဆင်းရဲ ဒုက္ခပြသနာ အမျိုးမျိုး ကြောင့်ဖြစ်ပါသည်။ Myanmar နိုင်ငံမှာ အကြမ်းဖက် စစ်အာဏာရှင်များသာ မရှိခဲ့လျှင် ဖက်ဒရယ်ဒီမိုကရေစီကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကပင် အကောင်အထည်ဖော်ဆောင်ပြီး Malaysia နိုင်ငံမှ ၁၉၆၅ ခုနှစ်တွင် မြို့နိုင်ငံအဖြစ် ခွဲထုတ်ခဲ့သည့် Singapore ကို ကျော်နိုင်သည့် အခြေအနေတွင်ရှိပါသည်။ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်အာဏာရှင်များကြောင့် မြန်မာနိုင်ငံသည် Singapore နိုင်ငံထက် အဆပေါင်းများစွာသာမည့်အစား ကမ္ဘာတွင် အဆိုးရွားဆုံးနိုင်ငံ တစ်ခုဖြစ်သည့် North Korea နိုင်ငံထက် ဆိုးရွားသော အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါသည်။
အကြမ်းဖက်စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်ခြင်းကြောင့် မြန်မာပြည်သူလူထုသည် ဘေးဒုက္ခပေါင်းများစွာနှင့် ကြုံတွေ့နေရပြီး မိမိနိုင်ငံမရှိသကဲ့သို့ ကမ္ဘာ့အလယ်တွင် မျက်နှာညိုးငယ်စွာ သိက္ခာအကျခံပြီး Malaysia နိုင်ငံအပါအ၀င် အခြားနိုင်ငံများတွင် ခိုလှုံနေရသည်ကို လူမဆန်သော အကြမ်းဖက်စစ်ခေါင်းဆောင်များမှလွဲ၍ အခြားမည်သူမှ အလိုမရှိပါ။ ဤဘေးဒုက္ခပေါင်းများစွာနှင့် ခါးသီးလွန်းသောဘ၀များကို ဖန်တီးသွားသည့် စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ပြတ်ချေမှုန်းပြီး Federal Democracy နိုင်ငံကြီးကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်အတွက် အလင်းနှင့် အမှောင်အကြား၊အကောင်းနှင့် အဆိုးအကြား၊ ဓမ္မနှင့် အဓမ္မအကြား မြန်မာပြည်သူလူထုနှင့်အတူ ရဲရဲရင့်ရင့် တော်လှန်ရေးတိုက်ပွဲ၀င်နေကြသော NLD Organizing Committee International (Malaysia) ခေါင်းဆောင်များ၊ Malaysia နိုင်ငံရောက် CDMသူရဲကောင်းများ၊ စစ်ဘေးရှောင်များအားလုံးကို အလေးပြု လေးစားပါကြောင်း ပြောကြားလိုပါသည်။
မြန်မာပြည်သူလူထု၏အနာဂတ်သည် မြန်မာပြည်သူလူထုလက်ထဲ၌သာရှိသည်။ အကောင်းသည် အဆိုးကိုအနိုင်ပိုင်းပြီး အလင်းသည် အမှောင်ကို ဖြိုခွင်းသကဲ့သို့ နောက်ဆုံးတော်လှန်ရေးဖြစ်သည့် မြန်မာ့နွေဦးတော်လှန်ရေးသည် မုချအောင်မြင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ၊ ကိုယ့်ကံကြမ္မာကိုယ့်ဖန်တီးခွင့်နှင့် လူ့အခွင့်အရေးများကို အပြည့်အဝ အာမခံပေးနိုင်သည့် Federal Democracy အလင်းရောင်က မကောင်းဆိုးဝါး စစ်အာဏာရှင်စနစ် အမှောင်ထုကြီးကို အမြစ်ပြတ်ခြေမှုန်းသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ Federal Democracy ရသွားမည်ကို ကြောက်ရွံ့တုန်လှုပ်ပြီး နည်းလမ်းပေါင်းများစွာဖြင့် မြန်မာပြည်သူလူထုကို အကြမ်းဖက်နေသော စစ်အာဏာရှင်များ၏ နေ၀င်ချိန် နီးနေပြီဖြစ်ပါသည်။ နောက်ဆုံး တော်လှန်ရေးအမြန်ဆုံး အောင်မြင်နိုင်ရန်အတွက် ကျွန်တော်တို့ပြည်သူလူထု အားလုံး၏ စည်းလုံးခြင်းအား ၊ဉာဏ်ရည်အား၊ ကာယအား၊ စိတ်ခွန်အား အပေါ်မှာ မူတည်လျက်ရှိပြီး သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ မြန်မာ့အရေးကို ကိုင်တွယ်ခြင်းအပေါ်များစွာ မူတည်နေပါသည်။ Ukraine အရေးကို ကိုင်တွယ်သကဲ့သို့ Myanmar အရေးကိုလည်းကိုင်တွယ်ပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးလှပါသည်။ Ukraine ပြည်သူများသည် Europe တိုက်တွင် အကြမ်းဖက်အာဏာရှင်စနစ်ကို တော်လှန်နေသကဲ့သို့ Myanmar ပြည်သူလူထုသည်လည်း Asia တိုက်မှာ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တော်လှန်နေပြီး အောင်ပွဲသည် Ukraine ပြည်သူလူထုနှင့် Myanmar ပြည်သူလူထုတို့၏ လက်ထဲမှာရှိနေပါသည်။
လွန်ခဲ့သော (၂)နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့အာဏာကို စစ်လက်နက်အသုံးပြုပြီးလုယူရန် မကြိုးစားခဲ့လျှင် ယခု Malaysia နိုင်ငံရောက် CDMသူရဲကောင်းများအားလုံးသည် အမိမြေ၊ အမိပြည်မှာ အမိနိုင်ငံတော်အကျိုးကို သယ်ပိုးပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစရှိသည့် အခန်းကဏ္ဍအမျိုးမျိုးတွင် ပြည်သူလူထုအကျိုးကို ဆောင်ရွက်ရမှာဖြစ်ပါသည်။ ပြည်သူ့၀န်ထမ်းများက ပြည်သူလူထုကို ၀န်ဆောင်မှုမပေးနိုင်အောင် ဟန့်တားနှောက်ယှက်သည့် လူမဆန်သော အကြမ်းဖက်စစ်အာဏာရှင်များသည် ယနေ့အထိ အကြမ်းဖက်ခြင်းနည်းအမျိုးမျိုးကို အသုံးပြုပြီး မြန်မာပြည်သူလူထုကို ဆက်လက်အကြမ်းဖက်လျှက်ရှိပါသည်။ မြန်မာနိုင်ငံသည် အကြမ်းဖက်စစ်အာဏာရှင်များ၏ အကြမ်းဖက်ခြင်းကြောင့် မြန်မာပြည်သူလူထုသည် နေ့တိုင်းညတိုင်း ငရဲမီးနှင့် ရင်ဆိုင်နေရပါသည်။ လွန်ခဲ့သော ၂ နှစ်သည် မြန်မာပြည်သူလူထုက ငရဲမီးကို အရှင်လတ်လတ် ခံစားခဲ့ရသောနှစ်၊ အကူအညီမဲ့ပြီး မျှော်လင့်ချက်ကင်းမဲ့သောနှစ်၊ မိသားစုများနှင့်မိတ်ဆွေများ ဆုံးရှုံးခဲ့ရသောနှစ်၊ ဒုက္ခဝေဒနာ ပေါင်းစုံခံစားခဲ့ရသောနှစ်၊ ကြောက်ရွံ့ခြင်း ဆုံးရှုံးခြင်းများနှင့် ပြည့်နှက်သောနှစ်၊ မြန်မာပြည်သူများ၏ လွတ်လပ်ရေး၊ ဒီမိုကရေစီအရေးနှင့် ကိုယ့်ကံကြမ္မာကိုယ့်ဖန်တီးရေးကို အတိုက်ခိုက်ခံခဲ့ရသောနှစ်၊ အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများနှင့် အတူခေါင်းပုံဖြတ်ခြင်းကို ခံခဲ့ရသောနှစ်၊ တရားမျှတမှုမရှိခြင်း၊ ဥပဒေမဲ့ခြင်း၊ အဓမ္မခြင်းတွေနှင့်ကြုံခဲ့ရသည့်နှစ်ဖြစ်သည့်အပြင် စစ်အာဏာရှင် အမှောင်ထုကြီးကို ရင်ဆိုင်ခဲ့ရသည့် နှစ်ဖြစ်ပါသည်။
လွန်ခဲ့သော ၂ နှစ်သည်လည်း မြန်မာပြည်သူလူထု၏ ရဲစွမ်းသတ္တိကိုကမ္ဘာသိသည်အထိ သက်သေပြသည့်နှစ်ဖြစ်သလို မတူကွဲပြားမှုများထဲမှ မြန်မာပြည်သူလူထု၏ စည်းလုံးညီညွတ်မှုကို ပြသခဲ့သည့်နှစ်လည်းဖြစ်ပါသည်။ လွန်ခဲ့သော ၂ နှစ်သည်လည်း မြန်မာပြည်သူများ၏ သတ္တိနှင့် ကြံ့ကြံ့ခံနိုင်မှုကို ကမ္ဘာကိုသက်သေပြခဲ့သည့်နှစ်လည်းဖြစ်ပါသည်။ လွန်ခဲ့သော ၂ နှစ်သည်လည်း မြန်မာပြည်သူလူထုက Federal Democracy ကို အသက်နှင့်လဲပြီး တော်လှန်ခဲ့ရသောနှစ်လည်းဖြစ်သည်။ လွန်ခဲ့သော ၂ နှစ်သည်လည်း လူ့အခွင့်အရေးနှင့် ဓမ္မအရေးအတွက် မြန်မာပြည်သူလူထုက ရှိသမျှပုံအောပြီးပေးခဲ့သောနှစ်လည်းဖြစ်ပါသည်။ လွန်ခဲ့သော ၂ နှစ်သည်လည်း မြန်မာပြည်သူလူထုက ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထာဝရဘုရားထံမှာလာသော ညဏ်ပညာခွန်အားအပြည့်နှင့် သွားသည့်နှစ်လည်းဖြစ်သလို ဘုရားသခင်ကို ယုံကြည်ကိုးစားသည့်နှစ်လည်း ဖြစ်ပါသည်။လွန်ခဲ့သော ၂ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ ရွေးကောက်ခံ လွှတ်တော်အမတ်များ၊ Rev. Dr. Hkalam Samson နှင့် အပြစ်မဲ့မြန််မာပြည်သူ(၂) သောင်းကျော်ကို တရားမဝင်ဖမ်းဆီးချုပ်နှောင်ထားပြီး ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူပေါင်း ၃,၀၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါသည်။ လွန်ခဲ့သော ၂ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများကို အကြိမ်ပေါင်း ၉,၀၀၀ ကျော် တိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ လူနေအိမ်များအပါအဝင် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ်ပေါင်း (၅) သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။ လွန်ခဲ့သော ၂ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် မြန်မာပြည်သူလူထု ၁.၆ သန်းကျော်သည် ဒုက္ခသည်ဘဝအဖြစ် Refugee နှင့် IDP camps တို့တွင် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် ၅၄ သန်းသော မြန်မာနိုင်ငံလူဦးရေ၏ တစ်ဝက်ဖြစ်သည့် ၂၇ သန်းသည် အလွန်ဆင်းရဲနွမ်းပါးသည့်အခြေအနေကို ရောက်ရှိနေပြီဖြစ်သည်။ လွန်ခဲ့သော ၂ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာခြင်းကြောင့် မြန်မာနိုင်ငံ၏ ပြည်သူ့အကျိုးစီးပွားကို တိုက်ရိုက်တိုက်ခိုက်ဖျက်ဆီးပြီး မြန်မာပြည်သူလူထု (၁၇) သန်းထက်မနည်းသော လူဦးရေသည် စီးပွားရေးအကြပ်အတည်း အငတ်ဘေးနှင့် ရင်ဆိုင်နေရပါသည်။
အကြမ်းဖက်စစ်ကောင်စီသည် စစ်လက်နက်များသာမက ငတ်မွတ်ခေါင်းပါးခြင်းနှင့် ရောဂါများကိုလည်း လက်နက်သဖွယ်အသုံးပြုပြီး မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုကို နေ့စဉ်နေ့တိုင်း တိုက်ခိုက်ဖျက်ဆီးလျှက်ရှိပါသည်။Covid -19 ကပ်ရောဂါ ထက်ပိုဆိုးသော စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်ခြင်း ဝေဒနာကို မြန်မာပြည်သူများခံစားနေရပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ်သည် Cancer ရောဂါသဖွယ် မြန်မာတစ်နိုင်ငံလုံးကို သေစေနိုင်သော ရောဂါဆိုးကြီးလည်းဖြစ်ပါသည်။ Covid -19 ကပ်ရောဂါပင်လျှင် တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေသော်လည်း ဆရာ၀န်/ သူနာပြုနှင့် ကျန်းမာရေး၀န်ထမ်းများက ၀န်ဆောင်မှုပေးခြင်းကို မဟန့်တားနိုင်ပါ။ သို့သော် အကြမ်းဖက် စစ်ကောင်စီကမူ ပြည်သူလူထုအတွက် ၀န်ဆောင်မှုအလုံးစုံကို ရပ်တန့်စေပါသည်။ NLD အစိုးရလက်ထက် Covid -19 အပြင်းထန်ဆုံးကာလတွင်ပင်လျှင် တက္ကသိုလ်၀င်တန်းစာမေးပွဲကို ကျောင်းသူ/ကျောင်းသား (၉)သိန်းကျော်ဖြေဆိုခဲ့ပါသည်။ သို့သော် ၂၀၂၁ခုနှစ် အကြမ်းဖက် စစ်အာဏာရှင်များ အာဏာလုရန်ကြိုးစားခြင်း နောက်ပိုင်း တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသူ/ကျောင်းသား (၁)သိန်းတောင်မပြည့်တော့သည်ကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်စစ်ကောင်စီက မြန်မာလူငယ်များ၏ အနာဂတ်ကို အစုလိုက်အပြုံလိုက် ရိုက်ချိုးပြီး လုံးဝပျက်စီးသွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခြင်းဖြစ်ကြောင်း သက်သေပြနေပါသည်။ မြန်မာလူငယ်များ၏ ပညာရေးကို ရိုက်ချိုးခြင်းသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို တိုက်ရိုက်အကြမ်းဖက် ဖျက်ဆီးခြင်းပင်ဖြစ်ပါသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၏ အိမ်နီးနားချင်း ထိုင်း (Thailand)နိုင်ငံမှာ Thai Army နှင့် US Army တို့ ပူးပေါင်းပြီး Cobra Gold (ရွှေမွေဟောက်) စစ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါသည်။ Malaysia နှင့် Singapore အပါဝင် Asia တိုက်နှင့် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၃၀ ကျော်မှ စစ်အရာရှိ ၆,၀၀၀ နီးပါး ပူးပေါင်းပါဝင်ပြီး ကြည်း၊ ရေ၊ လေ အပြင် အာကာသ နှင့် Cyber စစ်လေ့ကျင့်ရေးများကို ပြုလုပ်ခဲ့ပါသော်လည်း မြန်မာနိုင်ငံ၏ အကြမ်းဖက်စစ်ခေါင်းဆောင်များအားချန်လှပ်ထားပြီး လူရာမသွင်းခြင်းကို မြင်ရပေသည်။ ဤကဲ့သို့ ဒေသတွင်း လုံခြုံရေး၊ စစ်ရေးအရ အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုမှာ အကြမ်းဖက်စစ်ခေါင်းဆောင်များကို မဖိတ်ကြားခြင်းသည် ဒေသတွင်း၌ သော်လည်းကောင်း ၊ နိုင်ငံတကာတွင် သော်လည်းကောင်း အကြမ်းဖက်စစ်ခေါင်းဆောင်များသည် လူရာမ၀င်ကြောင်း၊ အဆင့်မရှိကြောင်း ၊ နိုင်ငံတကာ စံချိန်စံနှုန်းတွေကို မမှီကြောင်း နှင့် အရည်အသွေးမပြည့်၀ကြောင်း လုံးဝသက်သေပြနေပါသည်။အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းပြီး Federal Democracy နိုင်ငံတော်သစ်ကို တည်ထောင်တဲ့အခါ အဆင့်မြင့်ပြီး အပြည်ပြည်ဆိုင်ရာ စံချိန်စံနှုန်းမှီ အရည်သွေးပြည့်ဝသော Federal Army ကြီးကို အတူတကွ တည်ဆောက်သွားမည်။ Federal Army သည် မြန်မာပြည်သူများ၏ လုံခြုံရေး၊ကာကွယ်ရေးကို professional ကျကျ တာဝန်ခံ တာဝန်ယူမည့်အပြင် နိုင်ငံနှင့် ဒေသတွင်း လုံခြုံရေး ၊ကာကွယ်ရေးနှင့် Asia တိုက်အတွင်း သာမက သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြည်း၊ ရေ၊လေ၊ အာကာသ (cyber)အပါအဝင် စစ်ရေးရာ အရည်သွေးနှင့်ပြည့်ဝသော Federal Army Institution အသစ်ကို တည်ထောင်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖက်ဒရယ်စနစ်တွင် (Myanmar Federalism) ဖက်ဒရယ်တပ်မတော်အပြင် (Federal Army) အပြင် ဖက်ဒရယ် ပညာရေးစနစ်(Federal Education)၊ ဖက်ဒရယ် ကျန်းမာရေးစနစ် (Federal Health)စသည်တို့လည်းပါဝင်မည်ဖြစ်သည်။
လက်ရှိတွင်ပင် Federal Army ကို ဦးတည်သော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်များ (PDFs) တို့ပေါ်ပေါက်လာပြီဖြစ်ပြီး ပညာရေး၊ ကျန်းမားရေး ကဏ္ဍများနှင့် ပတ်သက်သော Federal Unit များစွာ လည်းစတင်ပေါ်ပေါက်လာပြီဖြစ်ပါသည်။ CDM သူရဲကောင်းများအားလုံးသည် ယခု တော်လှန်ရေးကာလမှာ တော်လှန်ရေး၏ ထောက်တိုင်ကြီးတစ်ခု ဖြစ်နေသလို မြန်မာနိုင်ငံအနေဖြင့် ဖက်ဒရယ်စနစ် (Myanmar Federalism) အဖြစ်သို့ အသွင်ကူးပြောင်းရေးကာလတွင် သော်လည်းကောင်း၊ ဖြစ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ (Federal Democracy) အမြဲတမ်းကာလတွင် သော်လည်းကောင်း အရေးပါသော ထောက်တိုင် တစ်ခုအဖြစ် ကာလ သုံးခုစလုံးမှာ ပါ၀င်နေမည်ဖြစ်သည်။ ထိုသို့ဖြစ်နိုင်ရန်အတွက် ပေါ်လစီတွေ တိတိကျကျ၊ ခိုင်ခိုင်မာမာ ချမှတ်ပြီးသားလည်း ဖြစ်ပါသည်။ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံများဖြစ်ကြသည့် USA၊ UK၊ Australia၊ Germany နိုင်ငံများကဲ့သို့ ဖြစ်နိုင်ချေအခွင့်အရေးအပြည့်အ၀ရှိသော မြန်မာနိုင်ငံသည် မြန်မာ့လွတ်လပ်ရေးစာချုပ်ဖြစ်သည့် ပင်လုံစာချုပ်ပါ ဖက်ဒရယ် ဒီမိုကရေစီအနှစ်သာရကို အကောင်ထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ယနေ့တွင် Asia တိုက်၏ထမင်းအိုးဖြစ်ရာမှ ကမ္ဘာ့အလယ် Asia တိုက်၏ ကြယ်ပွင့်ဖြစ်မည့်အစား North Korea ထက်ဆိုးရွားသောအခြေအနေရောက်နေသည့်အဖြစ်ကို အမြန်ဆုံး အဆုံးသတ်နိဂုံးချုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အသစ် တည်ဆောက်နိုင်ရန်အတွက် မြန်မာ့နွေဦးတော်လှန်ရေးသည် အရှိန်အဟုန်ဖြင့် ရှေ့ကိုချီတက်နေပါသည်။ မြန်မာပြည်သူလူထု၏ ရဲရင့်ခြင်း၊ သစ္စာရှိခြင်း၊ လုံ့လဝီရိယ၊ ချစ်ခြင်းမေတ္တာ၊ စည်းလုံးခြင်း၊ ထက်မြက်ခြင်း၊စိတ်ဓာတ်ကြံ့ခိုင်ခြင်းတို့က မြန်မာ့နွေဦးတော်လှန်ရေး မုချအောင်မြင်မည်ဖြစ်ကြောင်း သက်သေပြနေပါသည်။အရေးတော်ပုံ မုချအောင်ရမည်!မြန်မာနိုင်ငံကို ဘုရားသခင်ကောင်းကြီးပေးပါစေ။
ဒေါက်တာဆာဆာ
ပြည်ထောင်စု ဝန်ကြီး
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေး အစိုးရ
ပြည်ထောင်စု မြန်မာနိုင်ငံတော်