
၂၀၂၃ခုနှစ်၊ မတ်လ (၁၁)ရက်
(၁) ၁၉၈၉ ခုနှစ်၊ မတ်လ (၁၁) ရက်၌ စတင် တည်ထောင်ခဲ့သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) သည် ယနေ့တွင် တော်လှန် သက်တမ်း အားဖြင့် (၃၄) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး မြောက်များစွာသောအခက်အခဲ မုန်တိုင်းများ ကြားတွင် မားမားမတ်မတ် ရပ်တည် နိုင်ခဲ့သည့်အတွက် လေးစား တန်ဖိုးထားရပါသည်။
(၂) မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၏ ဖြတ်သန်းခဲ့သော (၃၄)နှစ်တာ ကာလအတွင်းတွင် ကိုးကန့်ဒေသနှင့်ကိုးကန့် လူထုအတွက် အသက်ပေးလှူ သွားခဲ့ကြသည့် မိတ်ဆွေ ရဲဘော်ရဲဘက်များနှင့် ၎င်းတို့၏ ဂုဏ်ရောင်ပြောင်စွာ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကိုလည်း ဂုဏ်ပြု ဦးညွှတ်အပ်ပါသည်။
(၃) ထိုကဲ့သို့ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသည့် ကိုးကန့် ရဲဘော်ရဲဘက်များနှင့် ပြည်ထောင်စု တဝှမ်းမှ ရဲဘော်ရဲဘက်များ၏ မျှော်ရည်ချက်များ ဖြစ်သော အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့်ဒီမိုကရေစီရေး တို့မှာလည်း စစ်အာဏာရှင် အစဉ်အဆက်နှင့် စစ်အာဏာရှင်စနစ်တို့ကြောင့် ယနေ့ထက်တိုင် ပိုင်ဆိုင်နိုင်ခွင့် မရရှိသေးပါ။
(၄) ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ်ပြုတ် တိုက်ဖျက်နိုင်ပြီး ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံနိုင်သော ခိုင်မာသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်း လျက် ရှိပါသည်။
(၄) သို့ပါသောကြောင့် ကျဆုံးခဲ့ရသော ရဲဘော်ရဲဘက်များ၏ ဝိညာဥ်များကို တိုင်တည်ရင်း မပြီးပြတ်သေးသည့် တော်လှန်ရေး ခရီးလမ်းအတွက် ကြီးမားစွာ အနှောင့်အယှက် ဖြစ်နေသည့် အာဏာသိမ်း အကြမ်းဖက် စစ်တပ်နှင့်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း နိုင်ရေးတို့အတွက် နိုင်ငံရေး၊ စစ်ရေး ကိစ္စရပ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက် တိုက်ပွဲဝင်ရန် ဆန္ဒပြင်းပြစွာရှိပါကြောင်း ဖော်ပြရင်း ဤဂုဏ်ပြုသဝဏ်လွှာကို ညီရင်းအကို စိတ်ဓာတ်ဖြင့် ပေးပို့အပ်ပါသည်။
ရည်မွန်
ကာကွယ်ရေးဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ