၂၀၂၃ ခုနှစ်၊ မတ်လ (၁၁)ရက်သတင်းအချက်အလက်ပေါင်းများစွာအလွန်လျင်မြန် လွတ်လပ်စွာ စီးဆင်းနေတဲ့ အခုလို ၂၁ ရာစုမှာ အကြောင်းကိစ္စတစ်ခုကို နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု အမြဲရယူနိုင်အောင် လုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒီလိုအခြေအနေမျိုးမှာ သက်တမ်း ၂နှစ်ရှိလာတဲ့ ကျွန်တော်တို့ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းကို ကမ္ဘာ့မီဒီယာထဲ စဉ်ဆက်မပြတ် စီးမြောပါဝင်နေအောင် လုပ်ဖို့ အရေးကြီးတယ်ဆိုတာ သတိထားမိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ စစ်အာဏာရှင်တိုက်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံပံ့ပိုးမှု လိုအပ်လို့ပဲဖြစ်ပါတယ်။ရဖို့ ခက်ခဲသလောက် လိုအပ်တဲ့ ကမ္ဘာ့စိတ်ဝင်စားမှုကို မြန်မာ့နွယ်ဖွား ချင်းတိုင်းရင်းသား လူငယ်တွေ ဦးဆောင်တဲ့ Chinlung Chuak Artist အဖွဲ့က သူတို့ရဲ့ အနုပညာဖန်တီးမှု စွမ်းအားနဲ့ ရယူပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့ မှာ Chin Tube ဆိုတဲ့ Youtube ချဲနယ်လ်က တဆင့် တင်ပေးခဲ့တဲ့ သူတို့ရဲ့ “We are The World” ကာဗာသီချင်းဟာ တစ်လကျော်ကြာတဲ့ အခုအချိန်မှာ ကြည့်ရှုသူ ၁. ၇ သန်းကျော် ရရှိနေပြီ ဖြစ်ပါတယ်။သီချင်းသီဆိုတဲ့ လူငယ်တွေရဲ့ သီဆိုဟန်နဲ့ အရည်အသွေး အလွန်ကောင်းရုံတင်မကဘဲ သီချင်း ဗီဒီယိုရဲ့အစမှာ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းနဲ့ ပြည်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ထည့်ပြောပေးသွားတာကြောင့် နိုင်ငံတကာက ကြည့်ရှုမိသူအားလုံးရဲ့ စိတ်နှလုံးမှာ မြန်မာ့အရေးစွဲထင်ပြီး စိတ်ဝင်စားဂရုဏာသက်မှုသွားစေတာကို မြင်ရပါတယ်။
ဒါကြောင့်လည်း ကမ္ဘာအနှံ့က Youtuber တွေက ဒီသီချင်းကို ထပ်ဆင့်ခံစားတင်ဆက်တဲ့ Reaction Video တွေ များစွာထွက်ပေါ်လာပြီး ကြည့်ရှု့သူအများအပြားနဲ့ ပြန့်နှံ့အောင်မြင်ခဲ့ တာတွေ့ရပါတယ်။ဒီမိုကရေစီကြီးစိုးတဲ့ နိုင်ငံတွေမှာ ပြည်သူ့စိတ်ဝင်စားမှုရှိရင် နိုင်ငံ့အစိုးရနဲ့ နိုင်ငံရေး မူဝါဒချမှတ်နိုင်သူတွေဆီကိုပါ သက်ရောက် ရိုက်ခတ်မှုရှိတာ ထုံးစံပါပဲ။ ဒါကြောင့် ကမ္ဘာတဝှမ်းမှာရှိတဲ့ ပြည်သူတွေက မြန်မာ့နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင်စားမှုကြီးမားလာတာနဲ့ အမျှ ကျွန်တော်တို့တော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ အထောက်အပံ့ပေးမှုကလည်း များပြား ပေါ်လွင်လာမယ်လို့ ယုံကြည်ပါတယ်။မြန်မာနွယ်ဖွားလူငယ်တွေရဲ့ ယခုလိုဖန်တီးဆောင်ရွက်မှုတွေဟာလည်း အလွန်အရေးပါတန်ဖိုးကြီးတဲ့ တော်လှန်ရေးလုပ်ငန်းတွေဖြစ်လို့ ဆက်လက်လုပ်ဆောင်သွားကြဖို့ အားပေးတိုက်တွန်းပါရစေ။နောက်ဆုံးအနေနဲ့ Chinlung Chuak Artist အဖွဲ့ရဲ့ “We are The World” သီချင်းကို စီစဉ်အကောင်အထည်ဖော် ပါဝင်ကြိုးပမ်းခဲ့ကြသူ အယောက်စီတိုင်းကိုလည်း မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများနဲ့ မြန်မာပြည်သူတွေကိုယ်စား အထူးပင်ကျေးဇူးတင်ရှိ ကြောင်း ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်အပ်လိုက်ပါတယ်။