NUG အကြောင်း

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့်အာဏာကိုကျင့်သုံးလျက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH) က အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC) အတွင်း ဆွေးနွေးညှိနှိုင်းလျက် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက် တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရအဖွဲ့ဖြစ်သည်။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့်ညှိနှိုင်း၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပဋိညာဉ်၏ အစိတ်အပိုင်း (၁) ပါ ဦးတည်ချက်၊ ရည်ရွယ်ချက် နှင့် နိုင်ငံရေး လမ်းပြမြေပုံအဆင့်ဆင့်တို့ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား တာဝန်ခံရမည်။

ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များမှာ

၁။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရသည် ဤပဋိညာဉ်ပါ နိုင်ငံရေးရည်ရွယ်ချက်များ၊ ဦးတည်ချက်များ နှင့်နိုင်ငံရေးလမ်းပြမြေပုံကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

၂။ နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များ ဆွေးနွေးအတည်ပြုနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ လက်တွဲဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ရမည်။

၃။ အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ရမည်။

(က)      ပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်များ၊ နိုင်ငံရေးလမ်းပြမြေပုံတို့နှင့်အညီ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ၏ မူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာနအလိုက် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ရမည်။
(ခ) အာဏာသိမ်းစစ်ကောင်စီကျရှုံးရေးအတွက် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊နိုင်ငံခြားရေးနှင့် သံတမန်ရေး၊ကာကွယ်ရေးနှင့် လုံခြုံရေး စသည့်နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရမည်။