ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း

မန်းဝင်းခိုင်သန်းသည် ကရင်တိုင်းရင်းသား ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်ပြီး ၁၉၅၂ ခုနှစ် ဧပြီလ၂၃ ရက်နေ့တွင် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် ယုန်သလင်းကျေးရွာတွင် ဖွားမြင်ခဲ့သည်။ ယုန်သလင်းကျေးရွာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ ဦးမန်းဝင်းခိုင်သန်းသည် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မြေးတော်စပ်သူတစ်ဦးလည်းဖြစ်သည်။ 

၁၉၉၀ ခုနှစ်တွင် ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချူပ်တွင် ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပါသည်။ ၂၀၁၆ ခုနှစ် မှ ၂၀၂၁ ခုနှစ်အထိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖွဲ့စည်းသော ယာယီအစိုးရအဖွဲ့တွင် ခေတ္တဒုတိယသမ္မတအဖြစ် ၂၀၂၁ ခုနှစ် မတ်လ(၉)ရက်နေ့ မှ ဧပြီလ (၁၆) ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဧပြီ (၁၆) ရက်နေ့တွင် စတင်ဖွဲ့စည်းသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။